သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ၌ မှိုစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး တိုးချဲ့ဆောင်ရွက်ရန်ကြိုးပမ်း

 

တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်အထိ လုပ်ကိုင်နိုင်သည့် မှိုစိုက်ပျိုးရေးလုပ်ငန်းကို ပြည်သူများ စိတ်ဝင်စားမှုကျယ်ပြန့်လာနေသော်လည်း အချို့ဒေသများ၌ မှိုမျိုးထုပ်ရှာဖွေ ဝယ်ယူရန် ခက်ခဲမှုများရှိနေကြောင်း၊  ဘေးကင်းလုံခြုံ၍ အာဟာရပြည့်ဝသည့် မှိုများ စိုက်ပျိုး ထုတ်လုပ်နိုင်ရန် အဓိက လိုအပ်သော မှိုမျိုးစေ့ထုတ်လုပ်မှုမှာ နည်းစနစ်မှန်ကန်စွာ ထုတ်လုပ်ရသည့် လုပ်ငန်း စဉ်များပါဝင်သဖြင့် နည်းပညာအသုံးပြုရန် အခက်အခဲများ ရှိနေခြင်းကလည်း မှိုမျိုးစေ့ထုတ်လုပ်ငန်း ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ထို့ကြောင့်လည်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မှိုစိုက်ပျိုးလိုသူများ မှိုမျိုးထုပ်ကို အလွယ်တကူဝယ်ယူ အသုံးပြုနိုင်ကြရန်၊ တိုင်းဒေသကြီးအတွင်း မှိုမျိုးစေ့ထုတ်လုပ်ရောင်း ချမှုများ ထွန်းကားလာစေရန် အတွက် ဆင့်ပွားနည်းပညာဖြန့်ဖြူးပေးသွားမည့် ဝန်ထမ်းများ အား Training of Trainers (ToT)သင်တန်းအဖြစ် “မှိုမျိုးစေ့ထုတ်သင်တန်း” ပေးရန်  စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၏ ညှိနှိုင်းတောင်းဆိုမှုအရ ကော်ဖီ-ရာသီသီးနှံဌာနခွဲ က ပြင်ဦးလွင်မြို့၊ မြန်မာ-ခါနန် တောင်သူလယ်သမား နည်းပညာ ဖွံ့ဖြိုးရေး သင်တန်းကျောင်း တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ “မှိုမျိုးစေ့ထုတ်သင်တန်း” ကို (၅)ရက်ကြာ ပို့ချပေးလျက်ရှိသည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သည့် အဆိုပါသင်တန်းသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန မှ လူငယ်ဝန်ထမ်း(၂၁)ဦး တက်ရောက် လျက်ရှိကြောင်း သတင်းရရှိသည်။