သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မျိုးစေ့ပြပွဲ ၂၀၂၂ စတုတ္ထနေ့တွင် စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ ကျင်းပ , ကျောင်းသားကျောင်းသူလေးများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ကို လက်ဆောင်အဖြစ် ပေးအပ်

စိုက်ပျိုးထုတ်လုပ်ခြင်း ဆိုင်ရာ နည်းပညာများ၊ ဈေးကွက် သတင်းအချက်အလက်များ၊ မိုးလေဝသ အသိပေးချက်များ စသည့် တောင်သူလယ်သမားများ နှင့် လယ်ယာကဏ္ဍ တွင် ပါဝင်ပတ်သက်သူများ သိရှိသင့်သည့် အသိပညာ နည်းပညာများ ၊ သိလိုသည့် သတင်းအချက် အလက်များ ကို  အချိန်နှင့်တပြေးညီ ရယူအသုံးပြုနိုင်ရန် ခေတ်မီဒီဂျစ်တယ်မီဒီယာများဖြင့် ဝန်ဆောင်ပေးနိုင်ရေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားထုတ်ကြိုးပမ်း လျက်ရှိရာ ကျင်းပလျက်ရှိသည့် မျိုးစေ့ပြပွဲ ၂၀၂၂ ၏ စတုတ္ထနေ့ ဖြစ်သော ဖေဖော်ဝါရီလ(၂၁)ရက်နေ့ တွင် စိုက်ပျိုးပညာရယူဖို့ ICT ကို သုံးကြစို့ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ တွင် ခေတ်မီ ဒီဂျစ်တယ် နည်းပညာ ၏ အရေးပါပုံ နှင့် မိုဘိုင်းဖုန်းကို အသုံးပြု၍ သတင်းအချက်အလက် ရယူ သုံးစွဲနည်းများ ၊ စိုက်ပျိုးရေး Call Center ဆိုင်ရာများ၊ အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ပေး လျက်ရှိသည့် စိုက်ပျိုးရေးဦးစီးဌာန၏ ဝန်ဆောင်မှု လုပ်ငန်း ဆိုင်ရာများကို လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေးပညာရှင်များက ဟောပြောဆွေးနွေးခဲ့ကြပြီး ပြပွဲလာ ပြည်သူများ၊ တောင်သူလယ်သမားများ၊ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ အွန်လိုင်း စနစ်ဖြင့် တက်ရောက်လေ့လာကြသူ များက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေး ပညာရှင်များ က ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ဟောပြောဆွေးနွေးခဲ့ကြသည့် လူငယ်စွန့်ဦးတီထွင်(YSI) စိုက်ပျိုးရေး ပညာရှင်များ အား အမှတ်တရလက်ဆောင်များ ဂုဏ်ပြု ပေးအပ်သည်။

စိုက်ပျိုးရေးလုပ်ငန်း ကို စိတ်ပါဝင်စားသူ ပြည်သူများ၊ တောင်သူလယ်သမားများ နှင့် မျိုးစေ့ဆိုင်ရာ အသင်းအဖွဲ့များ ကုမ္ပဏီများ လုပ်ငန်းရှင်များ လာရောက်လေ့လာလျက်ရှိသည့်  မျိုးစေ့ပြပွဲ ၂၀၂၂ ကို ပျဉ်းမနား စိုက်ပျိုး‌ရေးသိပ္ပံကျောင်း ၌ ဆက်လက် ကျင်းပလျက် ရှိရာ ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများ လာရောက် လေ့လာခဲ့ကြပြီး အိမ်ခြံဝန်းဥယျာဉ် ပြကွက်နှင့် အသီးအပွင့်များ လှပဝေဆာနေသော ဟင်းသီးဟင်းရွက်သစ်သီးဝလံစိုက်ခင်းများကို ကျောင်းသားကျောင်းသူလေးများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကာ မိသားစုဥယျာဉ်စိုက်ပျိုးရန် မျိုးစေ့ပျိုးပင်များ တပျော်တပါး ဝယ်ယူခဲ့ကြ သကဲ့သို့ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က လည်း ဟင်းသီးဟင်းရွက်မျိုးစေ့များ ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးစေ့ပြပွဲ ၂၀၂၂ ၏ နောက်ဆုံးနေ့ဖြစ်သော ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ မျိုးစေ့ထုတ်တောင်သူများ ပါဝင် ဆွေးနွေးမည့် မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေး စကားဝိုင်းဆွေးနွေးပွဲ ကို ကျင်းပသွားမည် ဖြစ်၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ကြရန် ဖိတ်ခေါ်ထားကြောင်း သတင်း ရရှိသည်။

Comments are closed.