ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး ဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ

 

          စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေး နှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖေါ်ဝါရီလ(၁၁)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခနန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။

          နိုင်ငံတော်၏ အမျိုးသား မြေအသုံးချမှု မူဝါဒ နှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ သဟဇာတ ဖြစ်စေရေး အတွက် အမျိုးသား မြေအသုံးချမှု ကောင်စီ အောက်တွင် ကောင်စီ ၏ လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ်များ ကို အထောက် အကူပြုပေးနိုင်ရန် စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေး နှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကော်မတီတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူလျက် မြေယာကဏ္ဍ ကျေးလက် ဒေသကဏ္ဍ တိုင်းရင်းသားရေးရာကဏ္ဍ ငြိမ်းချမ်းရေးကဏ္ဍများမှ မူဝါဒများ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် ဌာနများ အဖွဲ့အစည်းများ မှ ကိုယ်စားပြု ပညာရှင်များ ပါဝင်သည့် (၁၇)ဦး ဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကာ ယနေ့ အစည်းအဝေး ကို ပထမဆုံး အကြိမ် အဖြစ် ကျင်းပ ရခြင်း ဖြစ်ကြောင်းသိရသည်။

          ယနေ့အစည်းအဝေးသို့ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာ အကောင်အထည်ဖော်ရေး နှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး ကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ကော်မတီတွင် ပါဝင်ကြသည့် ဌာနအဖွဲ့အစည်း အသီးသီး က နိုင်ငံတော် အစိုးရ ၏ မူဝါဒ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိသော ကိစ္စရပ်များ၊ စီမံကိန်းများ၊ စီမံချက်များကို အမျိုးသား မြေအသုံးချမှုမူဝါဒ၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာ (Agriculture Development Strategy— ADS)များ နှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် ကော်မတီ ၏ ရှေ့လုပ်ငန်းအစီအစဉ်များ ချမှတ်နိုင်ရေး၊ မြေယာနှင့် သက်ဆိုင်သော အချက်များ၊ မြေယာနှင့် သက်ဆိုင်သော တည်ဆဲ ဥပဒေများ၊ ဌာန အဖွဲ့အစည်း တို့က အကောင်အထည် ဖော်လျက် ရှိနေကြသည့် မြေယာနှင့်သက်ဆိုင်သော စီမံကိန်းများ စီမံချက်များကို မူအဖြစ် အခြေပြု ဆွေးနွေး ခဲ့ကြကြောင်းသတင်းရရှိသည်။