ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ၌  စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ နှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ ကျင်းပ

ခေတ်မီ စိုက်ပျိုးရေးနှင့်မွေးမြူရေး နည်းပညာများအသုံးပြု၍ အဟာရဓာတ် ပြည့်ဝသည့် စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ သီးနှံသားငါးများတွင်ပါဝင်သည့် အဟာရဆိုင်ရာ ဗဟုသုတများ ပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများကိုပါ တပါတည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြောင်းလဲလာသည့် လူနေမှုပုံစံများ၊ စားသုံးမှုပုံစံများနှင့် အညီ အဟာရဓာတ်ပြည့်ဝ၍ စရိတ်သက်သာသော ပဲမျိုးစုံ သစ်သီးဝလံ ဟင်းသီး ဟင်းရွက် သားငါးများကို စနစ်တကျ စားသုံးနိုင်ရေးနှင့် ရိုးရာအစားအစာများတွင် ပါဝင်သော စုံလင်သည့် အာဟာရ တန်ဖိုးများကို သိရှိနားလယ်ပြီး တန်ဖိုးထား စားသုံးကြခြင်းဖြင့် ကျန်းမာပျော်ရွှင်သော နေ့စဉ်ဘဝများကို ရရှိနိုင်ကြမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ(၁၁)ရက် နံနက်ပိုင်းက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကျင်းပ ပြုလုပ်သည့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ နှင့် တိုင်းရင်းသား ရိုးရာအစားအစာများ မိတ်ဆုံစားပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်ဧည့်သည်တော်များသည် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသားကျောင်းသူများ၏ အသင်းလိုက် ထမနဲထိုးပြိုင်ပွဲ နှင့် တိုင်းရင်းသား ရိုးရာအစားအစာများ ချက်ပြုတ်ပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုရအသင်းများကို ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်ဧည့်သည်တော်များသည် ပြည်ထောင်စု တိုင်းရင်းသားများ ၏ ရိုးရာအစားအစာများဖြစ်သော ထမနဲ၊ ရှမ်းခေါက်ဆွဲ၊ မွန်သင်္ကြန်ထမင်း၊ မွန်ရိုးရာ ပီလောပီနံ နနွင်းမကင်း၊ ရခိုင်မုန့်တီ၊ မြိတ်ကတ်ကြေးကိုက်၊ ထားဝယ်ငှက်ပျောသီးပေါင်း၊ ချင်းရိုးရာငှက်ပျော ကြက်သားသုပ်၊ ချင်းရိုးရာသင်္ဘောသီး ထောင်း၊ ချင်းရိုးရာခေါင်ရည် စသည့် အစားအသောက်များကို စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ နှင့်အတူ လက်ရည်တစ်ပြင်တည်း တပျော်တပါး စားသုံး ခဲ့ကြကြောင်း သတင်းရရှိသည်။