ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား အစားအစာရက်သတ္တပတ် အခမ်းအနား နှင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့ ပူးပေါင်း ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား အစားအစာရက်သတ္တပတ် အခမ်းအနား ကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဓိပတိကွင်းပြင်နှင့် အားကစားခန်းမတို့တွင် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ နံနက်ပိုင်းက ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ ၊ ပါမောက္ခဌာနမှူးများ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်များသည် အစားအစာ ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် အနာဂတ်တွင် ပုခုန်းပြောင်း တာဝန်ယူလာ ကြမည့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်မောင်မယ်များ စုံလင်စွာ တက်ရောက် သင်ယူ နေကြသော တက္ကသိုလ်များဖြစ်သည့် အတွက် ကျောင်းသူကျောင်းသားမောင်မယ်များအနေဖြင့် တိုင်းရင်းသား အစား အစာများကို သိရှိလေ့လာနိုင်ကြစေရန်၊ တိုင်းရင်းသားယဉ်ကျေးမှုများကို မျှဝေခံစားနိုင်ကြစေရန် နှင့် စည်းလုံးညီညွတ်သော အေးအတူ ပူအမျှ ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန် ထက်မြက်ရေး တို့ကိုရည်ရွယ်၍ တိုင်းရင်းသားအစားအစာရက်သတ္တပတ်အစီအစဉ်ကို ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမ ၌ကျင်းပပြုလုပ်သော “ပြည်ထောင်စု စီးပွားတိုးတက်ဖို့ စိုက်ပျိုး-မွေးမြူကဏ္ဍမြှင့်တင်စို့” စကားဝိုင်းဆွေးနွေးပွဲ တွင် ဒုတိယဝန်ကြီး က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏ မတူကွဲပြားသော ရေမြေ ရာသီဥတု အခြေအနေနှင့် မြေအမျိုးအစားများအပေါ်မူတည်၍ သဘာဝအပိုင်းအခြားဇုန်အလိုက် သင့်လျော် သော စိုက်ပျိုး မွေးမြူမှုပုံစံများကို ရွေးချယ်သတ်မှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စျေးကွက် လိုအပ်ချက်အရ ပြည်တွင်းစားသုံးမှုဖူလုံရေးအပြင် ပြည်ပပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် လိုအပ်သောဖွံ့ဖြိုးမှုနည်းဗျူဟာများရေးဆွဲချမှတ် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာစောထိုလွီထူး က လုပ်ကွက်ငယ် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများအတွက် စျေးကွက်အခွင့်အလမ်းနှင့် ထိရောက်သောစိုက်ပျိုးထုတ်လုပ်မှု နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကထိက ဒေါက်တာရည်မွန်အောင် က လုပ်ကွက်ငယ် တောင်သူများ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတစ်ခုအဖြစ် တွဲဖက်ဆောင်ရွက်သင့်သည့် ငါးမွေးမြူရေး လုပ်ငန်း အလားအလာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ကထိက ဒေါ်နွေးအိခိုင်ဖြူ က ချင်းပြည်နယ်၊ ဖလန်းမြို့နယ်ရှိ လယ်ယာလုပ်ငန်းစနစ်များကို စိစစ်အကဲခက်ခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဆောဘောမ် က ဒေသအလိုက်မွေးမြူ၊ ဆေးကုသ ရေး ဆိုင်ရာ ကပ်ပါးရောဂါများအား လေ့လာခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ တွဲဖက်ပါမောက္ခ ဒေါက်တာမင်းအောင် က ချင်းပြည်နယ်၊ နွားနောက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဟာရဗေဒဆိုင်ရာအလားအလာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ကထိက ဒေါ်သန့်မွန်ပိုင် က ပြောင်းချဉ်ဖက်၏ အဟာရဓါတ်တန်ဖိုးအပေါ် ချဉ်ဖက်အရွယ်အစား သိပ်သည်းဆနှင့် အကျိုးပြုဘက်တီးရီးယားထည့်သွင်းခြင်းများ၏ သက်ရောက်မှုခေါင်းစဉ် ဖြင့်လည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများ၏ စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။