လယ်ယာကဏ္ဍဖွံ့ဖြိုးရေး နှင့် တောင်သူများ၏ ဝင်ငွေ နှင့် လူနေမှုအဆင့်အတန်း တိုးတက် မြင့်မားရေးအတွက် မိမိတို့ သင်ယူ တတ်မြောက်လာမည့် ပညာရပ်များဖြင့် အကျိုးပြုနိုင်ရေး အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများကို တောင်သူ များထံ ပြန်လည်ဆင့်ပွားပညာပေးရန်လိုကြောင်း၊ မိမိတို့ တာဝန်ယူလာကြမည့် လုပ်ငန်းခွင်များ အတွင်း ကျွမ်းကျင်သူများအဖြစ် ပိုင်ပိုင်နိုင်နိုင်စွမ်းဆောင် နိုင်ကြရန် ယခုသင်ယူဆဲ ကာလ ၏ စာတွေ့၊ လက်တွေ့ဘာသာရပ်များကို ကြိုးကြိုးစားစား လေ့လာသင်ယူကြစေလိုကြောင်း ဖေဖော်ဝါရီလ (၈)ရက်နေ့ က ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။
ရှမ်းပြည်နယ် ရှိ ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ၂၀၁၉-၂၀၂၀ ဒုတိယနှစ် ၏ ဒုတိယနှစ်ဝက်သင်တန်းကို ပြန်လည် ဖွင့်လှစ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ၌ အသစ်တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်း ပဏာမကျောင်း(၃)ကျောင်းတွင် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံကျောင်း လည်း ပါဝင်ရာ အဆိုပါသင်တန်းဖွင့်လှစ်ရန် အတွက် လိုအပ်သော သင်ကြားရေးအထောက်အကူပြု ပစ္စည်းများ၊ တိရစ္ဆာန်များ နှင့် အဆောက်အအုံများအားလုံး အသင့် ပြင်ဆင် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (အောင်ပန်း) သို့ရောက်ရှိကြပြီး ရှမ်းပြည်နယ် ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီသော အထွက်ကောင်း ဂျုံမျိုးသစ်၊ ရေဆင်းဂျုံဖြူ၊ ရေဆင်းပဲပုပ်၊ ဆီမုန်လာ၊ ဆီမုန်ညှင်း နှင့် တစ်သျှူးအာလူးမျိုးများ မျိုးပွားထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေး ကြသည်။သုတေသနပညာရှင်များနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က သက်ဆိုင်ရာဒေသ ၏ ဝိသေသလက္ခဏာ ပါဝင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ စီးပွားရေး တွက်ခြေကိုက်မှုကို အခြေခံသည့် စိုက်ပျိုး ထုတ်လုပ်မှု ဖြစ်စေရေး အတွက် စျေးကွက်ဝင် အရည်အသွေးကောင်း မျိုးများ သုတေသနပြုထုတ်လုပ်ပေးခြင်း၊ သရုပ်ပြစိုက်ခင်းများစိုက်ပျိုး၍ တောင်သူပညာပေးခြင်း စသည့် လုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက်ရန် လိုအပ်ချက်များအား ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။