ကမ္ဘာနိုင်ငံအသီးသီးတွင် Covid-19 ကပ်ရောဂါကြောင့် လုပ်ငန်းများ ရပ်နားထားရ၍ စီးပွားရေးများ ထိခိုက်လျက်ရှိသော်လည်း စိုက်ပျိုးရေး လုပ်ငန်းများမှာ ပုံမှန်နီးပါး လုပ်ကိုင်နိုင် လျက် ရှိနေသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လုပ်ကိုင်နိုင်ကြလျက်ရှိရာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ၊ အိုးမကွာအိမ်မကွာ အပိုဝင်ငွေ ရှာဖွေနိုင်ရန် တို့အတွက် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိလုပ်ကိုင်နိုင်သည့် မှိုစိုက်ပျိုးထုတ်လုပ် နည်း သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ က ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍လည်း စာတွေ့ လက်တွေ့ သင်တန်းများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘက်စုံ စိုက်ပျိုးမွေးမြူရေးသင်တန်းကျောင်း (၁၀)မိုင်၌ မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲကိုကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးကျော်ကျော်ဦး တက်ရောက်၍ အဖွင့် အမှာစကားပြောကြားသည်။
အရင်းအနှီးစရိတ်သက်သာပြီး အချိန်တိုအတွင်း ဝင်ငွေရရှိစေသည့် မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်းများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဖေဖော်ဝါရီလ(၉)ရက်နေ့မှ ၁၅ရက်နေ့အထိ (၇)ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားလေ့ကျင့်ပေးသွားမည့် အဆိုပါသင်တန်း သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ မှိုစိုက်ပျိုးရေးလုပ်ငန်း စိတ်ပါဝင်စားသူ တောင်သူ (၁၄)ဦး တက်ရောက် လေ့လာလျက် ရှိကြကြောင်း၊ သင်တန်းပြီးဆုံးပါက မိမိတို့ဒေသတွင် အသင့်စိုက်ပျိုးနိုင်ကြမည့် မှိုမျိုးထုပ်များ ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင် အခက်အခဲ တစ်စုံတရာရှိပါက သင်တန်းကျောင်းနှင့် ဆက်သွယ်ဆွေးနွေး အကူအညီ ရယူနိုင်ရေး ကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။