မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ် ကံမလေးကျေးရွာ အနီးတွင် တည်ဆောက် ပြီးစီးသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ကံမလေးလျှပ်စစ်မြစ်ရေတင် ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက အဆိုပါရေတင်စခန်းအနီး ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် ဌာနဆိုင်ရာများ၊ ဒေသနေတောင်သူများ တက်ရောက်ကြသည်။
ဧရာဝတီမြစ်ရေကို ရေတင်စက်များဖြင့်တင်ယူ၍ စိစစ်ပြီးစိုက်ပျိုးမြေ ဧက(၃၀၀)ကို အကျိုးပြုမည့် အဆိုပါ ကံမလေးလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၇၀ ကီလိုဝပ် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓါတ်အား နှင့် ပင်မဓါတ်အားလိုင်းမှ လျှပ်စစ်ကို အလှည့်ကျအသုံးပြု၍ ရေတင်မော်တာများကို မောင်းနှင်ကာ အမြင့် ၄၁ ပေကျော် ရှိ ရေစုကန် နှင့် ရေသွယ်မြောင်းများမှတဆင့် ဒေသအတွက် စိုက်ပျိုးရေ ပေးဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရေသောက်ဧရိယာ အတွင်းရှိ တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့(WUG)များဖွဲ့စည်း၍ စိုက်ပျိုးရေများ အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး စပါးနှင့် မြေပဲသီးနှံကို လယ်ယာသုံး စက်ကိရိယာများအသုံးပြုစိုက်ပျိုးရေး အပါအဝင် တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေး ကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေ နှင့် လူနေမှု အဆင့်အတန်း မြင့်မားလာစေရန် စိုက်ပျိုးရေးသာမက အပိုဝင်ငွေရရှိရေး အတွက် မွေးမြူရေး လုပ်ငန်းများ တွဲဘက်လုပ်ကိုင်နိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုရင်္ဂဗိုလ် လျှပ်စစ် မြစ်ရေတင် စီမံကိန်း သို့ရောက်ရှိကြပြီး သက်တမ်း ၃၄ နှစ်ကျော်ပြီဖြစ်၍ ရေတင်စက်များ နှင့် ရေပေး အဆောက်အအုံများ ပြုပြင်မွမ်းမံရန်လိုအပ်ချက်များ၊ ပင်မဓါတ်အားလိုင်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလျှပ်စစ်ဓါတ်အား အလှည့်ကျအသုံးပြုခြင်းအပါအဝင် လျှပ်စစ်မီး အလုံအလောက်အသုံးပြုနိုင်မည့် နည်းလမ်းများဖြင့် ဧက(၈)ထောင်ခန့်ရှိ ရေသောက်စနစ်အတွင်းမှ စိုက်ပျိုးမြေများအားလုံး စိုက်ပျိုးရေ အပြည့်အဝ ပြန်လည်ပေးဝေနိုင်ရေး ၊ သီးထပ် သီးညှပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။