ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ရင်းနှီးမြုပ်နှံမှု နှင့် စီးပွားရေး အကျိုး အမြတ် တွက်ချက်မှုပါဝင်သည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး သည် ဖေဖေါ်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန တိုင်းရင်းကြက်မွေးမြူရေးသုတေသနနှင့်မျိုးထိန်းမျိုးပွားခြံ လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီပြီး တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ တိုးချဲ့လုပ်ကိုင်နိုင်သော တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ရင်းနှီးမြုပ်နှံမှု နှင့် စီးပွားရေး အကျိုး အမြတ် တွက်ချက်မှုပါဝင်သည့် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ၊ အလားအလာရှိသည့် တောင်သူများကို မျိုးပွား မျိုးဖြန့်လုပ်ငန်း လုပ်ကိုင်နိုင်ရေး အားပေးကူညီရန် ၊ မျိုးထိန်း မျိုးပွားလုပ်ငန်းအပြင် အသုံးချသုတေသန ကိုတွဲဖက်ဆောင်ရွက်ရန် နှင့် သုတေသန တွေ့ရှိချက် မှတ်တမ်းများ စနစ်တကျပြုစုပြီး ၎င်းတို့ကို အခြေခံသည့် နည်းပညာပေးစာအုပ်များ ပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ရန်လို အပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

အဆိုပါခြံတွင် စစ်တကောင်းကြက် ၊ အင်ပင်ဝကြက်၊ လည်ပြောင်ကြက်၊ ပုပ္ပားတိုက်ကြက် နှင့် ကြက်နက် စုစုပေါင်း တိုင်းရင်းကြက်ကောင်ရေ(၂၀၀၀)ကျော် မွေးမြူထားရှိပြီး သုတေသနနှင့် မျိုးထိန်း မျိုးပွားခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းရင်းကြက်မျိုး ကောင်ရေ(၆၀၀၀)ကျော် မျိုးဖြန့်ပေးနိုင်ခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် အတွက် ကောင်ရေ (၂၀၀၀)ကျော် ထုတ်လုပ်ပေးထားပြီး ဒေသနေတောင်သူများ၏ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပေးနိုင်ရေး စီမံ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ညောင်ဦး လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း သို့ရောက်ရှိကြပြီး ရေအဝင်လမ်းကြောင်း သဲသောင် တူးဖော်ခြင်းလုပ်ငန်းနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် မြစ်ရေတင်လုပ်ငန်း ဆောင်ရွက်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။ ၂၀၀၂-၂၀၀၃ခုနှစ်တွင် စတင်ရေပေးဝေခဲ့သည့် အဆိုပါ မြစ်ရေတင်လုပ်ငန်းအား ယခုအခါ ၁၁၃ကီလိုဝပ်ရှိ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ထား ရှိပြီး ၃၇ ကီလိုဝပ် မော်တာ(၂)လုံးဖြင့် ဧရာဝတီမြစ်ရေကို တင်ယူပြီး သီးနှံစိုက်ဧက တစ်ထောင်ကျော်ကို အကျိုးပြု လျက်ရှိသည်။

အလားတူ ငါ့သရောက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတွင် ဆိုလာ ၁၂၆၀ ချပ်တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က စီမံကိန်းလုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။ ၂၀၀၂-၂၀၀၃ခုနှစ်မှစတင်၍ ငါ့သရောက် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း မှ ရေပေးဝေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၅၆၇ ကီလိုဝပ်ရှိ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ထား ရှိပြီး ၁၈၅ ကီလိုဝပ် မော်တာ(၂)လုံးဖြင့် ဧရာဝတီမြစ်ရေကို တင်ယူပြီး သီးနှံစိုက်ဧရိယာ ၂၁၈၅ ဧက ကို အကျိုးပြု နိုင်မည်ဖြစ်သည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ညောင်ဦး စိုက်ပျိုးရေးသုတေသနခြံ ၏ အပူပိုင်းဒေသနှင့်ကိုက်ညီသော သီးနှံမျိုးများဆိုင်ရာသုတေသနလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း နှင့် တာဝန်ရှိ သူများက ပဲစင်းငုံ၊ ပဲပိစပ်၊ မြေပဲ နှင့် အပူပိုင်းဒေသရာသီဥတုနှင့်ကိုက်ညီသော အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံမျိုးသစ်များစမ်းသပ်ဖော်ထုတ်နေမှု၊ သီးနှံမျိုးသစ်များနှင့် ကိုက်ညီ သည့် စိုက်ပျိုးနည်းစနစ်များဆိုင်ရာ သုတေသနဖော်ထုတ်တွေ့ရှိချက်များကို တောင်သူများ လက်တွေ့ အသုံးပြု အောင်မြင်နေမှုများအား ရှင်းလင်း တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြောင်းလဲသက်ရောက် လာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်နည်းစနစ်များ ဖော်ထုတ်ပေးရေး၊  သီးနှံအလိုက် ရေသွင်းစနစ် နှင့် မြေဆီဩဇာ ထက်သန်ရေး နည်းပညာပေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန် ၊ ပုန်းရည်ကြီး ပြုလုပ်ရာတွင် အသုံးပြုသည့် ပဲပိစပ်မျိုးများ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန် ၊  တောင်သူများ၏ မြေပဲစိုက်ပျိုးရေး လုပ်ငန်းတွင် မြေပြင် မျိုးစေ့ချသည်မှ ခူးဆွတ်ရိတ်သိမ်းသည်အထိ စက်ကိရိယာ အသုံးပြုလုပ်ကိုင်နိုင်ရေး အားပေးကူညီသွားရန်၊ ရှိပြီးအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြု၍ သိသာထင်ရှားသော အောင်မြင်မှုများဖော်ထုတ်ပေးနိုင်ရေးကြိုးပမ်းကြရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။