ပြည်ထောင်စုအဆင့်သတင်း

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ်မြောက် အစည်းအဝေး ကျင်းပ။

        မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ် မြောက် အစည်းအဝေးကို မေလ (၁၅)ရက်နေ့ နံနက် ၉ နာရီခွဲ က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ရာ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးဦးလှကျော် နှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။

        အစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ က အမှာစကားပြောကြားရာ၌ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများ က မြေခွန် ပေးသွင်းခြင်း ကိစ္စနှင့်ပတ်သက်၍  ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ အတွင်း စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ အား ပြည်သူ့ငွေ စာရင်း ပူးပေါင်းကော်မတီ နှင့်  ပြည်ထောင်စုစာရင်းစစ်ချုပ်တို့၏ သုံးသပ်ချက်များ အပေါ်  ဆောင်ရွက်ရန်ကိစ္စများ နှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ လုပ်ငန်းစဉ်များကို  တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့်စာရင်း အင်းဦးစီးဌာန  တိုင်းဒေသကြီး ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် ဦးစီးမှူးများ နှင့် နေပြည်တော်ကောင်စီ တိုင်းဒေသကြီး ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက် ရမည့် ကာလကန့်သတ်ချက်များကို ဥပဒေ နည်းဥပဒေ တို့တွင် ပြဌာန်းထားပြီးဖြစ်သည့် အတိုင်း ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း ၊ ထိုက်သင့်သည့် ကာလ အတွင်း လုပ်ငန်းများ သွက်လက် မြန်ဆန်စွာ ဆောင်ရွက်ရန် တာဝန်ရှိသူ အဆင့်ဆင့်တို့က ကြပ်မတ် နှိုးဆော် တိုက်တွန်း ခြင်း လုပ်ငန်းကိုပါ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသ အစိုးရအဖွဲ့များ ၏ သဘောထားရရှိပြီးပါက စီမံခန့်ခွဲရေး ကော်မတီများ ကလည်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (က)နှင့်အညီ မိမိတို့ ခွင့်ပြုပေးနိုင်သည့် ပမာဏအရ ခွင့်ပြုပေးခြင်း၊ ငြင်းပယ်ခြင်း၊ မိမိတို့ ခွင့်ပြုပေး နိုင်သည့် ပမာဏထက် ကျော်လွန်နေပါက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် နှင့် ဗဟိုကော်မတီ သို့ တင်ပြပေးရမည်ဖြစ်ကြောင်း၊ မလိုလား အပ်သော လုပ်ငန်းနှောင့်နှေး ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူ အသီးသီးတို့က စိစစ်ကြပ်မတ်ပေး ကြရန် လိုအပ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

        အစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။          မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၆)ကြိမ် မြောက် အစည်းအဝေးတွင် စိုက်ပျိုးမှုတည်ငြိမ်လာသော မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ လျှောက်ထားလာမှုများအပေါ် ခွင့်ပြုပေးနိုင်ရေးနှင့် မြေခွန်တော် ကြွေးကျန်များ အပြေအကြေကောက်ခံရရှိနိုင်ရန် စီမံဆောင်ရွက်နေမှုကိစ္စရပ်များ ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားသည့် အမှုတွဲများ၊ ပြန်လည်စိစစ်ရန်အကြောင်းကြားထားခြင်း အပေါ် ပြန်လည်တင်ပြလာသည့် ကိစ္စရပ်များ၊ ယခင်ဗဟိုအဖွဲ့မှ ခွင့်ပြုထားသည့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများအား ပြန်လည် အပ်နှံခွင့်ပြုရန် လျှောက်ထားမှုများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာ တင်သွင်း ခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းရန်ကိစ္စရပ်များ၊ လုပ်ကိုင်ခွင့်ချထားမြေများအား ခွင့်ပြုမိန့် ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် ခွင့်ပြုမိန့် ပြင်ဆင်ထုတ်ပေးရန်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း နှင့် ယနေ့ အစည်းအဝေးတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သတ်မှတ်ကာလ ကျော်လွန် သည်အထိ လုပ်ကိုင်မှုမရှိသော မြေ(၁၁၈၈)ဧက အား ပြန်လည်သိမ်းဆည်း လိုက်ကြောင်း ဆုံးဖြတ်ခဲ့၍ စည်းကမ်းညီညွတ်မှုမရှိသဖြင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပြန်လည်သိမ်းဆည်းခဲ့သည့် ဧရိယာမှာ စုစုပေါင်း (၁၅၅၁၁၆၉) ဧက ရှိပြီဖြစ်ကြောင်း  သတင်းရရှိသည်။