စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ သည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ် ရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်း သို့ရောက်ရှိကြပြီး သင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး ကြသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်း ကျောင်း တည်ဆောက်ပြီးစီးမှု နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီး က ယခုဖွင့်လှစ်မည့် ငါးလုပ်ငန်း အတတ်သင် သိပ္ပံသင်တန်းကျောင်း အနေဖြင့် ငါးပညာရပ်ဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်ရေး အတွက် ရှေ့ပြေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီ စနစ်တကျ ပြင်ဆင် ဆောင်ရွက်သွားရန် နှင့် လတ်တလောတွင် ငါးပညာရပ်ဆိုင်ရာ ဒီပလိုမာ ပေးအပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့ သည် တည်ဆောက်ပြီးစီးသည့် ငါးလုပ်ငန်း အတတ်သင် သိပ္ပံသင်တန်း ကျောင်းဆောင် များ၊ ဓာတ်ခွဲခန်း၊ လက်တွေ့ သင်ကြားရေး ငါးသားဖောက်ရုံ ၊ သင်တန်းသား အိပ်ဆောင် စားဆောင်များ အား လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။
ငါးလုပ်ငန်းအတတ်သင်သိပ္ပံသင်တန်းကျောင်း ကို ငါးလုပ်ငန်း အဓိကထား လုပ်ကိုင်လျက် ရှိသည့် ဒေသတစ်ခုဖြစ်သည့် မအူပင်-တွံ့တေး-ရန်ကုန် ကားလမ်း အနီး တွံ့တေးမြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာတွင် တည်ဆောက်အကောင်အထည်ဖော် လျက်ရှိပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် ခွင့်ပြု ရန်ပုံငွေ ကျပ် ၉၉၈.၅၄သန်း ကုန်ကျခံတည်ဆောက် ခြင်းဖြစ်ကာ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဌာနတွင်း နှင့် ပြင်ပသင်တန်းသားများကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတမြို့နယ် ရှိ ပဋိဇီဝဓာတ်ကြွင်း နှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်း သို့ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ က ဓာတ်ခွဲခန်း လုပ်ငန်း ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဝန်ထမ်းများ၏ ကျွမ်းကျင်မှု အရည်အသွေး မြှင့်တင်ရန်လိုအပ်ချက်များ နှင့် တိုးတက် ပြောင်းလဲလာသော နည်းပညာ ရပ်များ အပေါ် မျက်ခြေမပြတ်လေ့လာသင်ယူရန် လိုအပ်ချက်များ၊ အရည်အသွေး အာမခံချက်ပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဖြစ်ဆောင်ရွက်ရေး ၊ လိုအပ်သော ဓါတ်ခွဲခန်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်ရေးဆွဲ တင်ပြရန် လိုအပ်ချက် များကို ဆွေးနွေး မှာကြားသည်။
အဆိုပါ ဓာတ်ခွဲခန်း သည် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO/IEC 17025:2005 Accredited Certificate အား ရရှိခဲ့ပြီး ၂၀၁၈-၂၀၂၀အထိ စတုတ္ထ အကြိမ် သက်တမ်း ရရှိထားကာ မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းများ နိုင်ငံတကာ စျေးကွက်သို့ တင်ပို့ရာတွင် အရည်အသွေး အာမခံချက်ပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ ဓါတ်ခွဲခန်း တစ်ခု ဖြစ်သည်။ လက်ရှိတွင် Microbiology Parameter (၇)မျိုး ၊ Aerobic PlateCount , Coliforms , E . coli , S . aureus , Salmonella , V . cholerae , V . parahaemolyticus Listeria monocytogenes နှင့် Chemical Parameter (၉)မျိုး၊ Nitrofuran test( AHD , AOZ , AMOZ, SEM ), Chloramphenicol & Tertracycline Test , Heavy Metal Test( Mercury , Cadmium , Lead ) စုစုပေါင်း(၁၆)မျိုးအား Accreditation အသိအမှတ်ပြုလက်မှတ် ရရှိထားပြီးဖြစ်သည်။
ယခုအခါ ISO/IEC 17025:2017 (New Version) အသစ်သို့ ပြောင်းလဲ ကျင့်သုံးခြင်း နှင့် လာမည့် ၂၀၂၀-၂၀၂၂ သက်တမ်းအတွက် လိုအပ်သော ဓါတ်ခွဲခန်း အဆင့်မြှင့်တင် ပြင်ဆင်မှုများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ စံတိုက်စစ်ဆေးခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။