ဆောင်းပါး

စိုက်ပျိုးသီးနှံအခြေခံ စားကုန်ဖွံ့ဖြိုးစီးပွားတိုး

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စားနပ်ရိက္ခာ အရင်းမြစ်တို့မှာ ပေါကြွယ်ဝလွန်းလှပြီး  ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့မှာ တစ်နှစ်ပတ်လုံး သူ့အချိန်အခါအလိုက် ထွက်ရှိနေပါသည်။ စိုက်ပျိုးရေး လုပ်ငန်းများက ထွက်ရှိသလိုပင် သဘာဝအလျောက် ပေါက်ရောက်ကြသော သီးပင် စားပင်တို့မှလည်း စားနပ်ရိက္ခာတို့ကို ရရှိကြပါသေးသည်။ ပြည်တွင်းစားသုံးဘို့ လုံလောက်ရုံမျှ မက ပိုလျှံစွာ ထွက်ရှိနေသော အသီးအရွက်များစွာတို့ကို မူလအတိုင်း မပျက်စီး စေပဲ ကာလ ကြာမြင့်စွာ သိုလှောင်ထားရန်မှာ စရိတ်လွန်စွာ ကြီးမြင့်လွန်းလှပေသည်။ အများအားဖြင့် ဒေသ အလိုက် ရိုးရာ ဓလေ့နည်းလမ်းများဖြင့် အခြောက်လှမ်းခြင်း ဆားရည်စိမ်ခြင်းနှင့် အချဉ်တည်ခြင်း စသည့် နည်းလမ်း များဖြင့် ရေရှည် အထားခံအောင် စီမံပြုလုပ်ပြီး သိုလှောင် သိမ်းဆည်းလေ့ ရှိကြပါသည်။

ရာသီကုန် ဟင်းသီးဟင်းရွက်များနှင့် နွယ်ပင်မှရသော ဗူးသခွား အစရှိသည့် ဝလံမျိုး တို့ကား အရည်ဓါတ်ပါဝင်မှု များလွန်းလှသဖြင့် တာရှည်အထားမခံ ပျက်စီး လွယ်ကြသည်။ ရာသီဥတု အခြေအနေနှင့် စားသုံးနိုင်မှု ဈေးကွက်လိုအပ်ချက်အရ စိုက်ပျိုး ထုတ်လုပ်လေ့ ရှိကြသော်လည်း ရံဖန် ရံခါတွင် ဈေးကွက်အခြေအနေ ပြောင်းလဲသည့်အခါ ဆွတ်ခူး ရောင်းချ သည့် စရိတ်ပင် ပြန်လည်မရရှိ နိုင်တော့သောကြောင့် စိုက်ခင်းများကို စွန့်လွှတ် လိုက်ရသည် အထိ စိုက်ပျိုးသူများ နစ်နာဆုံးရှုံး တတ်ကြပါသေးသည်။

နှစ်ရှည် သီးပင်စားပင်တို့ကမူ ရာသီအလိုက် နေ့တာအတိုအရှည် ပြောင်းလဲခြင်း အား အရွက်များကတဆင့် အာရုံခံသိမြင်ကြသည့်အလျောက် အချိန်တန်လျှင် တပြိုင်နက် သီးပွင့်ကြ သဖြင့် ခူးဆွတ်ရသည့် အသီးအနှံများစွာမှာ ဈေးကွက်ထဲသို့ စုပြုံရောက်ရှိ လာလေ့ ရှိသည်။ ထိုအခါ ဝယ်လို အားထက် ရောင်းလိုအားများခြင်း ကုန်စိမ်းသီးနှံများ ရေရှည်အထား မခံခြင်း တို့ကြောင့် ဈေးကွက် ပျက်လာပြီးနစ်နာဆုံးရှုံးလေ့ရှိတတ်ပါသည်။ ကုန်စိမ်း အခြေအနေ တွင် ချက်ခြင်းစားသုံးနိုင် သလောက် ကိုသာ ဖြန့်ဖြူးရောင်းချနိုင်မည်ဖြစ်၍ ပိုလျှံသော အရွက် အသီး တို့ကို နည်းပညာဖြင့် ပြုပြင်ဖန်တီး၍ ဖြစ်စေ အသင့်စားသောက်ကုန် အဖြစ် ထုတ်လုပ်၍ ဖြစ်စေ ရေရှည်အထားခံအောင် ဆောင်ရွက်ခြင်း ဖြင့် စိုက်ပျိုးသူရော ပြုပြင် ထုတ်လုပ်သူတို့ အတွက်ပါ များစွာအကျိုးဖြစ်ထွန်းစေပါသည်။                 အသီးအရွက်များကို တာရှည်အထားခံအောင် နေရောင်ခြည်ဖြင့် တိုက်ရိုက် အခြောက် လှမ်းခြင်းမှာ စရိတ်ကုန်ကျမှု အသက်သာဆုံး နည်းလမ်းတစ်ခုဖြစ်သော်လည်း မူလ သဘာဝအ‌ရောင် အဆင်းအရသာကို များစွာပျက်စီးစေသည့်အပြင် ဟင်းလင်းပြင်တွင် အကာရံမဲ့ ထားရှိကြသဖြင့် ပိုးလောက်ကျခြင်း ဖုန်မှုန့်များကပ်ညိခြင်းတို့ကြောင့် သန့်ရှင်းသည့် စားသောက်ကုန်များ ဖြစ်လာနိုင် မည်မဟုတ်ပေ။ ဖန်လုံအိမ် အာနိသင်ရှိသော အလင်းပေါက် အခန်းအတွင်း နေရာင်စွမ်းအင်ဖြင့် အပူပေးကာ ပန်ကာလေစုပ်အားသုံးပြီး အသီးအရွက်များ အတွင်းရှိ ရေဓာတ်ကို လျော့ချပေးခြင်းဖြင့် စနစ်တကျ အခြောက်လှမ်းနိုင်ကြပါသည်။ ထိုသို့ နေရောင်ခြည်သုံး အခြောက်ခံစက် များကို အသုံးပြု ခြင်းဖြင့် အခြောက်ခံအသီးအရွက်များ၏ မူလအရောင်အဆင်း အရသာတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့်အပြင် အလုံပိတ် အခန်းတွင်းဖြစ်၍ အညစ်အကြေးများ ကပ်ညိနိုင်ခြင်း မရှိ စေပဲ သန့်ရှင်းသော စားသောက် ကုန်များကို ရရှိနိုင်ပါသည်။ တစ်ပိုင်တစ်နိုင် အသေးစားလုပ်ငန်း များအတွက် အလွယ်တကူ ရွေ့ပြောင်းနိုင်သော မိုဘိုင်းဆိုလာ အခြောက်ခံစက်က များစွာ အသုံးတည့် လှပေသည်။ အခြောက်လှန်းနိုင်သည့် မျက်နှာပြင်ဧရိယာ ၃၆ စတုရန်းပေရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှ သီးနှံအစို ၃၆ ကီလိုအား ရေဓာတ်ပါဝင်မှုနှုန်းကို လျော့ချအခြောက်ခံပေးနိုင်ပါသည်။ တန်ဘိုး ဆယ်သိန်း ကျော်မျှဖြင့် ဝယ်ယူအသုံးပြုနိုင်သဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းအတွက် သင့်လျော်မှု ရှိကြောင်းတွေ့ရှိရပေသည်။

ထို့အပြင် ကုန်စိမ်းအသီးအနှံတို့ကို အသင့်စားကုန်အဖြစ် ပြောင်းလဲထုတ်လုပ် သော စားသောက်ကုန်လုပ်ငန်းကား ကမ္ဘာတစ်ဝန်း နေရာတိုင်းမြင်တွေ့နိုင်သော စီးပွားရေး လုပ်ငန်း များ ပင်ဖြစ်ပါသည်။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို အခြောက်ခံခြင်း အနှစ်ထုတ် ခြင်း ယိုထိုး ခြင်းနှင့် ဖျော်ရည်သို့မဟုတ် ဝိုင်အဖြစ်ထုတ်လုပ်ခြင်းဖြင့် အသီးအနှံ များ၏ မူလ တန်ဖိုးထက်ပို၍ တန်ဖိုးမြင့်ထုတ်ကုန် (Value Added Product) ဖြစ်စေပြီး စိုက်ပျိုးသူ များသာမက ကုန်ချော ပြုပြင် ထုတ်လုပ်သူတို့အတွက်ပါ အကျိုးအမြတ် ရရှိစေ ပါသည်။ လယ်ယာထွက်ကုန် သီးနှံများစွာကို ထိုသို့ ခေတ်မီနည်းပညာများပေါင်းစပ်၍ တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်နိုင်ခြင်းအားဖြင့် စိုက်ပျိုးသူ များကို သာမက နီးစပ်ဆက်နွယ်သူ များစွာ၏ စားဝတ် နေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာကို အထောက်အကူဖြစ်စေပါသည်။

ခေတ်ကာလတို့ တိုးတက်ပြောင်းလဲလာခြင်းနှင့်အတူ စားသောက်ကုန်ထုတ် လုပ်မှု နည်းပညာများသည်လည်း အံ့မခန်းတိုးတက်လာနေရာ အသီးအနှံများကို အေးခဲ ခြောက်သွေ့စေ ခြင်းဖြင့်လည်း အရသာထူးကဲကောင်းမွန်သော အသီးခြောက်များကို ထုတ်လုပ် ရောင်းချနေကြပြီ ဖြစ်ပါသည်။ သရက်သီး၊ ပိန္နဲသီးနှင့် ဒူးရင်းသီးများကဲ့သို့ ရေဓာတ် အသင့်တင့် ပါဝင်သော အသီးများ ကို -၄၀°C အထိအေးခဲစေပြီးနောက် လေဟာနယ်ခန်းတွင်း ရှိသမျှရေငွေ့များ ကုန်စင်သည် အထိ စုပ်ထုတ်ခြင်းဖြင့် တာရှည် အထားခံသော သစ်သီးခြောက်များကို ရရှိစေ ပါသည်။ ထိုနည်းစဉ်ဖြင့် ထုတ်လုပ်သော အသီးခြောက်များမှာ မူလသဘာဝ ထက်ပင် အရောင် အဆင်း အနံ့ အရသာ ပိုမို ထူးကဲလာစေခြင်းနှင့် ခပ်ရွရွလေး ဝါးစားနိုင်သဖြင့် လူကြိုက်များ လှပေသည်။ ထုတ်လုပ်မှု စရိတ် မြင့်မားသဖြင့် ဈေးကွက်အတွင်း ၁၀၀ ဂရမ်လျှင် ၁၈၀၀၀ ကျပ်ခန့်ဖြင့် ရောင်းချလျှက် ရှိပါသည်။ ရေမြေ သဘာဝ ကောင်းမွန်လှသော မိမိတို့နိုင်ငံတွင် သရက်၊ပိန္နဲ၊ ဒူးရင်းကဲ့သို့ အရသာ ကောင်းမွန်သည့် သီးနှံများစွာ ထွက်ရှိ သည်ဖြစ်ရာ ကုန်ကြမ်း တန်ဖိုးသက်သာသည့်အလျောက် အသင့် စား သီးနှံခြောက်လုပ်ငန်းကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင် ထုတ်လုပ်နိုင်ရန် အလားလာကောင်း များစွာ ရှိနေပါသည်။                သီးနှံများအား အသင့်စားကုန်အဖြစ် ပြုပြင်ထုတ်လုပ်ရန် နည်းလမ်းများစွာ ရှိသည့် အနက် အကြော်အလှော်အနေဖြင့် ထုတ်လုပ်ရောင်းချမှုကလည်း များစွာ စိတ်ဝင်စားဖွယ် ကောင်းလှ ပေသည်။ ယခင်က အာလူးကြော်တစ်မျိုးတည်း လောက်ကိုသာ တွင်တွင်ကျယ်ကျယ် ထုတ်လုပ် ရောင်းချ နေကြသော်လည်း ယခုအခါသီးနှံများအား ရေငွေ့စုပ်ထုတ်၍ ဆီဖြင့်ကြော် သည့် Vaccum Fryer စနစ်ထွန်းကာလာသည့်အလျောက် လယ်ယာထွက်ကုန်သီးနှံများကို ထိုစနစ်ဖြင့် အသင့်စား သရေစာ မုန့်ကြော်အဖြစ် ထုတ်လုပ်လာကြပါသည်။ အာလူးကိုသာ မက ပိန်းဥ၊ ကန်စွန်းဥ၊ ဖရုံသီး၊ နာနတ်သီးနှင့် ငှက်ပျောသီးများကို ကြော်လှော် ထုတ်လုပ်လျှက် ရှိပါ သည်။ ထိုသို့ အသီးအနှံများ၏ အ‌ရောင်အဆင်းနှင့် အဟာရဓာတ်ကို များစွာပျက်စီးစေခြင်း မရှိသည့်အပြင် စားသုံးသူများ ခံတွင်း တွေ့စေသည့် သရေစာ အကြော်လုပ်ငန်းများမှာ တစ်ပိုင် တစ်နိုင်စီးပွားရေးလုပ်ငန်း တည်ထောင် လုပ်ကိုင် လိုသူများအတွက် အလားအလာ ကောင်း တစ်ရပ် ဖြစ်ပါသည်။ သစ်သီးအခြေခံ သရေစာ အကြော်လုပ်ငန်းများ ထွန်းကားလာပါက စိုက်ပျိုးသူ တောင်သူလယ်သမားများ အနေဖြင့် မိမိတို့ လယ်ယာထွက်ကုန်များအတွက် ယုံကြည် စိတ်ချရသော ဈေးကွက်ကို ရရှိလာနိုင်မှာဖြစ်သလို အသေး စားအငယ်စား စီးပွားရေး လုပ်ငန်းများ လည်း ပိုမိုပေါ်ထွန်းလာကာ ပြည်တွင်းပြည်ပ စားသောက်ကုန် ဈေးကွက်အတွင်း ပိုမိုဝင်ရောက်နိုင်ကြမည် ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် ရာသီအလိုက် သရက်သီး၊ ပိန္နဲသီး၊ နာနတ်သီးတို့ များစွာ ထွက် ရှိပြီး ငှက်ပျောသီးကား ရာသီမရွေး ပေါများစွာထွက်ရှိနေပေသည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှထုတ်ဝေသော Myanmar Agriculture at a Glance -2019 ၏ စာရင်းများအရ ဂေါ်ဖီ၊ မုန်လာ၊ ခရမ်း၊ ဗူး၊ ဖရဲ အစရှိသည့် စားဖိုဆောင်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးမှုမှ စုစုပေါင်း မက်ထရစ်တန်ချိန်(၃၂.၆)သိန်း ထွက်ရှိပြီး ဥယျာဉ်ခြံသီးနှံများ ဖြစ်သော သရက်သီး မက်ထရစ်တန် ၇.၅ သိန်း၊ နာနတ်သီးတန်ချိန် ၃.၀ သိန်းနှင့် မန်ကျီးသီးတန်ချိန် ၁.၈သိန်းထွက်ရှိကြောင်း သိရှိရပါ သည်။ ယင်း အသီးအနှံများကို လက်ရှိကုန်စိမ်းအဖြစ် စားသုံးမကုန် ရောင်းမကုန် အခြေအနေမှ ကုန်ကြမ်းအခြေခံပြု အသင့်စားဟင်းရံများ ဟင်းခတ် အမယ်များနှင့် သရေစာ စားသောက်ကုန်များ အဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်သည့် အခြေအနေသို့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သင့်သော အချိန်သို့ ရောက်နေပြီ ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနသည် မိသားစုတစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ တိုးတက် ထွန်းကား စေရေးကို ဦးတည်ဆောင်ရွက်ပေးလှှျက် ရှိသည့်အလျှောက် အသက်မွေး ဝမ်းကျောင်း အတတ် ပညာများအား ကာလတိုသင်တန်းများဖွင့်လှစ်ပြီး စိတ်ပါဝင်စားသူ ပြည်သူလူထုများအား အခမဲ့ လေ့ကျင့်သင်ကြား ပေးလျှက်ရှိပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စားသောက်ကုန်၊ လူသုံး ကုန် ထုတ်လုပ်မှု၊ သစ်ဝါးအချောထည် လက်မှု အနုပညာပစ္စည်း ထုတ်လုပ်မှု၊ တွင်သံဂဟေ အလုပ်ရုံ လုပ်ငန်း၊ လျှပ်စစ်နှင့်စက်မှု စက်ပြင် လုပ်ငန်း အစရှိသည့် အသက် မွေးဝမ်းကျောင်း ကာလတို သင်တန်းမျိုးစုံအား (၅၃၁)ကြိမ် ဖွင့်လှစ်၍ သင်တန်းသား (၁၁၄၆၈) ဦးကို လေ့ကျင့်သင်ကြားပေး နိုင်ခဲ့ပြီးဖြစ်ပါသည်။ ထိုအထဲတွင် လုပ်ငန်းသစ် တည်ထောင် လိုသူများက စိတ်ဝင်စားမှု အရှိဆုံး ဖြစ်သည့် စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းကို မဲခေါင်လန်ချန်းစီမံကိန်း အစီအစဉ်ဖြင့် (၈၁) ကြိမ် ဖွင့်လှစ်၍ သင်တန်းသားပေါင်း(၁၇၈၃)ဦးကို သင်ကြားပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စားသောက်ကုန် နည်းပညာ ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ အစာအဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာ အသင်း Food Science and Technology Association (FoSTA-Myanmar) ကလည်း ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းအချင်းချင်း ဆက်သွယ်ဆောင်ရွက်ခြင်း နည်းပညာ ဖြန့်ဖြူး ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ယခု နှစ်ဆန်းပိုင်း ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်မြို့ ဖော်ကျူးပလာဇာတွင် မြန်မာ့ စားသောက်ကုန် ကုန်စည်ပြပွဲကြီးကို စည်ကားသိုက်မြိုက် စွာ ကျင်းပြုလုပ်ခဲ့ရာ ပြည်တွင်း လယ်ယာ၊ ဥယျာဉ်ခြံထွက်များကို ထပ်ဆောင်းတန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ရောင်းချ နိုင်မှုများ၊ ဓာတုကင်းလွတ် အော်ဂဲနစ်အစားအစာ ထုတ်လုပ်ပြသမှုများကို အား တက်ဖွယ် တွေ့မြင်ခဲ့ရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် မိမိဇာတိရပ်ရွာသို့ ပြန်လည်ရောက်ရှိ လာကြသူများစွာ ရှိနေပြီးဖြစ်ရာ  ဒေသအလိုက် လယ်ယာထွက်ကုန်သီးနှံများကို စားသောက် ကုန် ချောအဖြစ် ပြောင်းလဲစေသည့် တန်ဖိုးမြှင့် ကုန်ထုတ်လုပ်ငန်းကို ဆောင်ရွက်နိုင်ကြမည် ဆိုပါက အလုပ်အကိုင်အခွင့်အလမ်း များစွာဖြစ်ပေါ်စေနိုင်ပြီး စားဝတ်နေရေးအတွက် အထောက် အပံ့ကောင်း များ ရရှိစေနိုင်မည်ဖြစ်ပါသည်။ ပြည်တွင်းအလွယ်တကူရရှိနိုင်သည့်  လယ်ယာ ထွက်ကုန် သီးနှံများကို အခြေခံပြီး ခေတ်နှင့်အညီ စားသောက်ကုန်များ ဆန်းသစ် ဖန်တီး ထုတ်လုပ်ခြင်းဖြင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အဖြစ် ရပ်တည်လာ နိုင်မည် ဖြစ်ပါသည်။ အသေးစား စက်မှုလက်မှုဦးစီးဌာနအနေဖြင့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ယခုနှစ်အတွင်း စားသောက်ကုန် ထုတ်လုပ်မှု သင်တန်းများအား ဒေသအသီးသီးတွင် ထပ်မံဖွင့်လှစ်သင်ကြား ပေးသွားရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါသဖြင့် စိတ်ပါဝင်စားသူများနှင့် လုပ်ငန်းတည်ထောင် ဆောင်ရွက်လိုသူများအနေဖြင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနမှူး ရုံးများ နှင့် ရက်ကန်းနှင့် အသက်မွေး ပညာသင်ကျောင်းများသို့ ဆက်သွယ်၍ နည်းပညာအကူအညီ ရယူနိုင် ပါကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း များမှာ နိုင်ငံတော်မှ အားပေးနေသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ပင် ဖြစ်သည့်အလျှောက် လိုအပ်သော အရင်းအနှီးများအတွက် မြန်မာ့စီးပွားရေး ဘဏ်များမှ တဆင့် MSME Loans ချေးငွေ တင်ပြလျှောက်ထား ရရှိနိုင်ပါကြောင်း သတင်းကောင်းပါး တင်ပြလိုက် ပါသည်။

ဆောင်းပါးရှင်- ခွန်စံ