လယ်ယာမြေဖော်ထုတ်မှုလုပ်ငန်းများ နှင့်အတူ လယ်ယာသွင်းအားစုများ စက်ကိရိယာ များ တိုးတက်သုံးစွဲမှု အဆင်ပြေချောမွေ့စေရေးလုပ်ငန်းများ စသည့် လယ်ယာကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာစနစ်တကျ ဖြစ်စေရေး အတွက် သမဝါယမကဏ္ဍမှ အထောက်အပံ့ ကောင်း အဖြစ် တိုးတက်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာ အသုံးပြုနိုင်မှု လိုအပ်ချက် ရှိနေသေးသည့် ဧရိယာများအတွက် ငှားရမ်းခယူသည့်ဝန်ဆောင်မှု ပုံစံမျိုး ဆောင်ရွက်ပေး သင့်ကြောင်း၊ ဇန်နဝါရီလ ၁၅ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော် ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် က ပြောသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဗဟိုသမဝါမအသင်း မှ တာဝန်ရှိသူများ၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ အသင်းစုချုပ် ဥက္ကဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ငွေ က သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်များ၊ ချေးငွေဆိုင်ရာများနှင့် အသင်းစုအလိုက် ဆောင်ရွက်ချက်များ အားရှင်းလင်းတင်ပြသည်။
ဒုတိယဝန်ကြီး ဦးလှကျော် က အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အသေးစားကုန်ထုတ်လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ကြသည့် ကျေးလက်နေ ပြည်သူ များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကို အဓိက ဦးစားပေးဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ(ADS)ပါ လုပ်ငန်းစဉ်များတွင် ပါဝင်သည့် သမဝါယမ ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာချေးငေွအထောက်အပံ့များ ရယူကာ စီမံကိန်းလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာစက်မှု ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် သမဝါယမအသင်းများ၏ ခွန်အားဖြင့် စည်းလုံးညီညွတ်စွာ စွမ်းဆောင်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးစရိတ် ချေးငေွထုတ်ပေးခြင်း၊ လယ်ယာမြေအဆင့်မြှင့်တင်ပေးခြင်း၊ လယ်ယာသုံး စက်ကိရိယာများ အား အရစ်ကျ စနစ်ဖြင့်ရောင်းချပေးခြင်း၊ မျိူးစေ့ထုတ် သမဝါယမအသင်းများ ထူထောင် ပေးခြင်း၊ လယ်ယာ သွင်းအားစုများ ရောင်းချပေးခြင်း နှင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ကို သမဝါယမဦးစီးဌာန ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သမဝါယမအသင်းများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ကိုရီးယားနိုင်ငံထုတ်Daedong လယ်ယာသုံးစက်ကိရိယာ အစီးရေ (၃၈၅၇)စီး အား တောင်သူ လယ်သမားများအတွက် အတိုးနှုန်းသက်သက်စွာ ရောင်းချပေးနိုင်ခဲ့ပြီး ကျန်ရှိလယ်ယာသုံး စက်ကိရိယာ(၅၅၉)စီးကိုလည်း အသင်းသား တောင်သူ တစ်ဦးချင်း (သို့မဟုတ်) အသင်းစု/ အသင်းစုချုပ်များပိုင်အဖြစ် ဝယ်ယူနိုင်ရေး အမြန်ဆုံး ရောင်းချ ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျှက် ရှိကာ ရောင်းချပြီး လယ်ယာသုံး စက်ကိရိယာများ၏ လိုအပ်သည့် ပြင်ဆင်မှုပိုင်း ဆိုင်ရာ ဝန်ဆောင်မှုနှင့်စက်ကိရိယာအပိုပစ္စည်း ရောင်းချနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေး လျက်ရှိသည်။