ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

၂၀၂၁-၂၀၂၂ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းနှင့် ပင်လယ် ငါးလုပ်ငန်းဆိုင်ရာ အစည်းအဝေးကျင်းပ။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ထိရောက်သော ငါးလုပ်ငန်းများစီမံခန့်ခွဲမှုဖြင့် ငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာနေရာများ အား ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငါးသယံဇာတများကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အတွက် ပင်လယ်ငါးဖမ်းဆီးထုတ်လုပ်မှု လျော့ချရန်နှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန်အတွက် ငါးမွေး မြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားရန်လိုကြောင်း၊ ဖေဖေါ်ဝါရီလ(၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂ခုနှစ်၊ ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းနှင့် ပင်လယ် ငါးလုပ်ငန်း ဆိုင်ရာ အစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

         အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ မှ တာဝန်ရှိ သူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်း အဖွဲ့ချုပ်များ နှင့် လုပ်ငန်းရှင်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရ ဧရိယာသတ် မှတ်နိုင်ရေး အစည်းအဝေးတွင် ငါးမဖမ်းရရာသီကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များမှ ငါးလုပ်ငန်းအဖွဲ့ချုပ်များနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ငါးလုပ်ငန်းဦးစီးဌာ က သုတေသန ရလာဒ်များကို အခြေခံ၍ နှိုင်းယှဉ် သုံးသပ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန်များအား တားမြစ်ပိတ်ပင်သွားရန် နှင့် အမျိုးအစား မတူညီသည့် လုပ်ငန်းအတွက် သတ်မှတ်ကာလ သီးခြားဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အခြေအနေ နှင့် ဒီဇယ်ဆီ ဈေးနှုန်းကြီးမြင့်မှု ကြောင့် ကမ်းဝေးရေယာဉ် လိုင်စင်ခနှုန်းထားများ ပြင်ဆင်သတ်မှတ်ရန်၊ ငါးသယံဇာတများအား စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ငါးမဖမ်းရ ရာသီကာလ အား ကမ်းဝေးငါးဖမ်းလုပ်ငန်းများအပြင် ကမ်းနီး(စက်တပ်) ငါးဖမ်းရေယာဉ်များကိုပါ လိုအပ်သည့် ကန့်သတ်ချက်များထုတ်ပြန်နိုင်ရေး နှင့် ကမ်းနီးရေပြင် ဧရိယာသတ်ခြင်း အတွက် သက်ဆိုင်သူများ နှင့်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကမ်းနီးငါးဖမ်းရေယာဉ်များ ကို နိုင်ငံတကာ စံချိန်၊ စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး နှင့် ရေယာဉ် အဝင် အထွက် လမ်းကြောင်း သတ်မှတ်စံနှုန်းများဖြင့် ခွင့်ပြု ပေးထားမှုအခြေအနေများ ကိုလည်းကောင်း၊ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် အားလုံး ပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။