ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တွင် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ နှင့် တိုင်းရင်းသားရိုးရာအစားအသောက်ရက်သတ္တပတ်အခမ်းအနားကျင်းပ

မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးတက္ကသိုလ်များတွင် တိုင်းဒေသကြီး ပြည်နယ်အသီးသီးမှ လာရောက်၍ ပညာ သင်ယူ နေ ကြ သည့် မောင်တို့ မယ်တို့အနေဖြင့် တိုင်းပြည်စီးပွားရေး၏ အခြေခံအုတ် မြစ်ဖြစ်သော လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကို အနာဂတ် ကာလတွင် ပခုံးပြောင်းတာဝန်ယူ ကြရမည့်သူများ ဖြစ်သည် အားလျော်စွာ ပြည်သူများ အာဟာရပြည့်ဝပြီး ကျန်းမာ ပျော်ရွှင်စွာ သက်တမ်းစေ့ နေနိုင်ရေး၊ ခေတ်မီ နည်းစနစ်များအသုံးပြု၍  အရည်အသွေးပြည့်ဝသော စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ခြင်းဖြင့် တောင်သူတစ်ဦးချင်း ဝင်ငွေ တိုးတက်ရေး ၊ တိုင်းဒေသကြီး ပြည်နယ်များ၏ ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်း စေရေးကိုပါ မျှော်မှန်း ကြိုးစား ကြစေလိုကြောင်း၊ ဖေဖော်ဝါရီ(၃)ရက် နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ရွှေရတုခန်းမတွင်ကျင်းပပြုလုပ်သည့် စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ နှင့် တိုင်းရင်းသားရိုးရာ အစား အသောက်ရက်သတ္တပတ်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

          အခမ်းအနားသို့  ပြည်ထောင်စုဝန်ကြီး နှင့်အတူ အမြဲတမ်းအတွင်းဝန် နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ကြပြီး တိုင်းရင်းသား ရိုးရာအစားအစာများကို လက်ရေ တပြင်တည်း ပျော်ရွှင်စွာစားသုံးခဲ့ကြသည်။

စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သော အဆိုပါအခမ်းအနားအား စိုက်ပျိုးရေး တက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ်များ တွင် ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများအချင်းချင်း ရင်းနှီးခင်မင်မှု ပိုမို ရရှိစေရန် နှင့်  ပြည်ထောင်စု တိုင်းရင်းသားများ၏ ရိုးရာအစားအစာ များကို သိရှိ လေ့လာနိုင်ကြစေရန် တို့ကို ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့် အညီကျင်းပပြုလုပ်ခဲ့ပြီး ကံစမ်းမဲများ ဖွင့်ဖောက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း  နှင့် ပျော်ပွဲရွှင်ပွဲများကျင်းပခဲ့ကြောင်း သတင်းရရှိသည်။