ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

“စိုက်ပျိုးမွေးမြူရေး ပညာရှင်များ မွေးထုတ်ပေးရေး- အနာဂတ် အလားအလာ” ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

 

အရည်အချင်းပြည့်မီသော စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာပညာရှင်များ တိုးတက်မွေးထုတ် ပေးရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သင်ကြားရေးနှင့် သုတေသနစနစ်များ ထူထောင် နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ လိုအပ်သောပညာရပ် အမျိုးအစားများနှင့် ပညာရှင်များ မွေးထုတ်ပေးရေးအတွက် ရေရှည် အစီအမံများ ရေးဆွဲ ဆောင်ရွက်ရန် ကိစ္စရပ်များအပေါ် အပြန်အလှန် ဆက်စပ်လျက်ရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ ဦးစီးဌာနများ မှ တာဝန်ရှိသူများအကြား လုပ်ငန်းနယ်ပယ်အလိုက် အမြင်ချင်း ဖလှယ်ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ပညာရှင်များ မွေးထုတ်ပေးရေး- အနာဂတ်အလားအလာခေါင်းစဉ်ဖြင့် ကျင်းပသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ဆွေးနွေးပွဲ  ကို ဖေဖေါ်ဝါရီလ(၂)ရက်နေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ်များ မှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက် ခဲ့ကြသည်။

စကားဝိုင်းဆွေးနွေးပွဲ တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အဖွင့် အမှာစကား ပြောကြားရာ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူသား အရင်း အမြစ် ဖွံ့ဖြိုး တိုးတက်စေရန် အဆင့်မြင့်ပညာအတွက် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၊ အသက်မွေးဝမ်းကျောင်းပညာ အတွက် စိုက်ပျိုးရေးသိပ္ပံကျောင်းများ၊ ငါးသင်တန်းကျောင်းများ မှ စိုက်ပျိုး မွေးမြူရေး ပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း

လယ်ယာကုန်ထုတ်လုပ်မှု လုပ်ငန်းစဉ် တလျှောက်၌ လုပ်ငန်းအမျိုးအစားအလိုက် ဘွဲ့ရ အသိပညာရှင်များ လိုအပ်သော နေရာများ ရှိသကဲ့သို့ Vocational Education အသက်မွေး ဝမ်းကျောင်းအတတ်ပညာသည်များ လိုအပ်သည့် နေရာများလည်းရှိပါကြောင်း၊

အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍ၏ စိုက်ပျိုးရေး အခြေခံ စီးပွားရေးလုပ်ငန်းများတွင် Vocational Education အသက်မွေး ဝမ်းကျောင်း အတတ်ပညာ ကျောင်းဆင်းများ ပိုမိုလိုအပ်ပါကြောင်း၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့်ပညာ (Higher Education) နှင့် အသက်မွေးဝမ်းကျောင်းပညာ (Vocational Education) တို့ ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း၊

သို့ပါ၍ ယနေ့ဆွေးနွေးပွဲတွင် အလုပ်အကိုင်အခွင့်အလမ်းများအရ ဌာန အသီးသီး၏ လိုအပ်ချက်အရ ပညာရှင်များ မွေးထုတ်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်း ဆွေးနွေးပြီး အဖြေရှာကြရန် လိုအပ်ကြောင်း ။ တက္ကသိုလ်ကျောင်းများ သင်တန်းကျောင်းများ၏ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း ခေတ်နှင့်အညီပြုပြင် ပြောင်းလဲရေး ကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြရမှာဖြစ်ကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက်  “စိုက်ပျိုးမွေးမြူရေး ပညာရှင်များ မွေးထုတ်ပေးရေး- အနာဂတ် အလား အလာ” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်း ဆွေးနွေးပွဲ ကို ကျင်းပရာ  ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် မှ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းယုလွင် က အစီအစဉ်မှူး အဖြစ် ဆောင်ရွက်ပြီး စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခဒေါက်တာယုယုမင်း၊ စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလေးလေးခိုင် ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တွဲဖက် ပါမောက္ခဒေါက်တာလှိုင်းမင်းဦး၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာယဉ်ယဉ်သန်း တို့ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ လယ်ယာသားငါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ် ကွင်းဆက်တလျှောက်တွင် ပါဝင်ပတ်သက်နေကြသူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်း ဆွေးနွေး အဖြေရှာရန် စကားဝိုင်းဆွေးနွေးပွဲကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲမှာ ပဉ္စမအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။