ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေပေးဝေရေး လုပ်ငန်းများ အပြင် ရေအသုံးချ နည်းပညာ နှင့် အသိပညာပေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ပေးရန်လိုအပ်

           စိုက်ပျိုးရေးလုပ်ငန်းအတွက် အသက်သွေးကြောတစ်ခုဖြစ်သည့် စိုက်ပျိုးရေဖူလုံစွာ ပေးဝေနိုင်ရေး အတွက် ဆည်တာတမံများ၊ ရေသောက်စနစ်များကို နိုင်ငံတော်က ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း ရေပေးဝေရေးလုပ်ငန်းများအပြင် ဆည်ရေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး နှင့် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး အတွက် ရေအသုံးချ နည်းပညာ နှင့် အသိပညာပေး လုပ်ငန်းများ ကို တစ်ပြိုင်တည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရေသောက်စနစ် အတွင်း ဆည်ရေသုံးစွဲသူများအဖွဲ့ (Water User Group)  အားစနစ်တကျဖွဲ့စည်း၍ တောင်သူများ ကိုယ်တိုင်ရေသောက်စနစ်ခွဲဝေခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ၌ ပါဝင်စေနိုင်ရေး၊ ဆောင်းသီးနှံ နှင့် နွေသီးနှံများတွင် တောင်သူ့အတွက် အကျိုးအမြတ်ပိုမိုရရှိစေမည့် ရေအနည်းလို တန်ဖိုးမြင့် သီးနှံများ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက် နိုင်ရေးကိုပါ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း  ဇန်နဝါရီလ (၃၁) ရက်နေ့က အလိုင်နီရေလှောင် တမံ အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ကြံ့ခွံ့ကျေးရွာအနီးရှိ အလိုင်နီချောင်းပေါ် တွင် အလျား ၅၇၀၀ ပေ၊ အမြင့် ၅၂ ပေရှိ အလိုင်နီရေလှောင်တမံ သည် မြေသားတမံအမျိုးအစားဖြစ်ပြီး ကန်ရေပြည့် ရေလှောင်ပမာဏ (၃၉၀၀၀)ဧကပေ ရှိကာ ယခုနှစ်နွေစပါး (၄၄၄၇)ဧက စိုက်ပျိုးရေ ပေးဝေ လျက်ရှိသည်။ ၎င်းအပြင် အလိုင်နီရေလှောင်တမံ ၏ ပိုလျှံရေများကို အလိုင်နီ – လဂွမ်းပြင် ဆက်သွယ်မြောင်း မှတဆင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လဂွမ်းပြင်ရေလှောင်တမံသို့ ရေကူ ပို့လွှတ်ပေးလျက်ရှိသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်ပင်များ သုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်) သို့ရောက်ရှိကြပြီး ရော်ဘာမျိုးများ သုတေသနပြု ဖော်ထုတ်နေမှု နှင့် ရော်ဘာစိုက်တောင်သူများအတွက် နည်းပညာပေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ဆက်လက်၍ ဘက်စုံစိုက်ပျိုးရေးစခန်း ပဲခူး (၁၀)မိုင်ခြံ တွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း  (Animal Quarantine Station (AQS)) လုပ်ငန်းဆောင်ရွက်ရန် ရွေးချယ်လျာထားသည့် မြေနေရာကို ကြည့်ရှု စစ်ဆေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုံ ရှိ မွေးမြူရေးထွက်ကုန် တန်ဖိုးမြှင့် ကုန်ချော ထုတ်လုပ်နေ သည့် ပုဂ္ဂလိကစက်ရုံ၏ ကြက်အူချောင်းထုတ်လုပ်မှု လုပ်ငန်းများကိုကြည့်ရှုပြီး အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွှတ် ထုတ်ကုန်များဖြစ်စေရေး၊ စားသုံးသူဘေးကင်းလုံခြုံရေး နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ရှိသော ထုတ်ကုန်များ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။