သတင်းကဏ္ဍ

မြန်မာ့ပြောင်း တရုတ်နိုင်ငံသို့ တင်ပို့ရေး အပင်နှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် ပိုးမွှားကင်းစင်ရေး (SPS) စာချုပ် နှစ်ဖက်လက်မှတ်ရေးထိုး

လယ်ယာကဏ္ဍ ထွက်ကုန်များဖြစ်သည့် သီးနှံ၊ တိရစ္ဆာန်အရှင်၊ အသား၊ ငါးတို့၏ ကျန်းမာရေး နှင့် ပိုးမွှားကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်များသည် နိုင်ငံတကာ ကုန်သွယ်မှုတွင် လိုအပ်သည့်ထောက်ခံချက်လက်မှတ်များဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ၏ လယ်ယာသားငါးကဏ္ဍ ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး၊ ပို့ကုန်ဝင်ငွေတိုးမြှင့်စေရေးနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးတို့အတွက် စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း များ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်နှင့်တိရစ္ဆာန်ကျန်းမာရေး နှင့် ပိုးမွှားကင်းစင် သန့်ရှင်း ရေး (Sanitary and Phytosanitary-SPS) ဆိုင်ရာ ကိစ္စရပ်များကိုစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုတွင် အဓိက အိမ်နီးချင်း ဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပင်နှင့်တိရစ္ဆာန် ကျန်းမာရေး နှင့် ပိုးမွှား ကင်းစင်ရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးရေးကိုဆောင်ရွက်လျက်ရှိ သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ မြန်မာ နိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်/ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊နွားအရှင်တင်ပို့ရေး အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး နှင့် ပိုးမွှား ကင်းစင်ရေး (SPS)သဘောတူစာချုပ်များကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့်  GACC တို့အကြား ၌ လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းကို တိရစ္ဆာန်အစာ အနေဖြင့် ပြောင်းဖူးစေ့ တရုတ် နိုင်ငံသို့ တင်ပို့ရန် သဘောတူညီချက်ရရှိပြီးဖြစ်သည်။ ပြောင်းချဉ်ဖတ်ကို စမ်းသပ်တင်ပို့ရန် အတွက် နှစ်ဘက်သဘောတူညီထားပြီးဖြစ်သည်။ ယင်း အတွက် အပင် ကျန်းမာရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည့်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC)၊ ဝန်ကြီး တို့က က်မှတ်ရေးထိုး ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ပြောင်း နှင့် တိရစ္ဆန်အစာ ပြောင်းချဉ်ဖတ်များကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်ခြင်း၊မြန်မာ-တရုတ်နှစ်နိုင်ငံကြား လယ်ယာထွက်ကုန်တရားဝင်ကုန်သွယ်မှုတိုးမြင့် လာနိုင်ခြင်းနှင့် ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားပိုမိုတိုးတက် ကောင်းမွန်လာနိုင် စေခြင်းသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၊ GACC တို့ကြား တိရစ္ဆန်အရှင်များ တင်ပို့မှုအတွက် တိရစ္ဆာန်စောင့်ကြည့်စစ်ဆေးရေးစခန်း (Aminal Quarantine Station) တည်ထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နယ်စပ်ဂိတ် များ အနီးတွင်ဆောင်ရွက်လျက်ရှိရာလက်ရှိအားဖြင့် ကွတ်ခိုင်မြို့နယ်တွင် တိရစ္ဆာန် စောင့်ကြည့် စစ်ဆေးရေးစခန်းတစ်ခု တည်ထောင်ထားပြီးဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥ တင်ပို့ရေးတို့ အတွက်  နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင် ရွက်လျက် ရှိပြီး အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ် သီး၊ ကျွဲကောသီး၊ သံပုရာသီး၊ ကွမ်းသီးအစိမ်းတို့ကို အပင်နှင့် တိရစ္ဆာန် ကျန်းမာရေး နှင့် ပိုးမွှား ကင်းစင်ရေး လက်မှတ်များရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် ပိုးမွှားရောဂါ ဆန်းစစ်မှု ဆိုင်ရာအချက်အလက်များကို နှစ်ဘက်ညှိနှိုင် ဖလှယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် တရုတ်ပြည့်သူ့သမ္မတနိုင်ငံသို့ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆန်ထွက်ပစ္စည်း နှင့် ရေထွက်ပစ္စည်းများတင်ပို့မှုအနေဖြင့် အမေရိကန် ဒေါ်လာသန်း (၅၄၂၇.၉၅၈) ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။