ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂၂) ၏ ဒုတိယနေ့ဆက်လက်ကျင်းပ၊ ပြိုင်ပွဲ အမျိုးအစား အလိုက် ဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်

 

               စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် တို့ ပူးပေါင်း ကျင်းပပြုလုပ်သည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ (၂၀၂၂) ၏ ဒုတိယနေ့ကို ဇန်နဝါရီလ (၂၉)ရက် နံနက်ပိုင်း က နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်း ကျေးရွာအနီးရှိ စက်စက်ယိုကွင်း ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက် များနှင့်အညီ ဆက်လက် ကျင်းပလျက်ရှိရာ ပြပွဲသို့ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တို့မှ ကျောင်းသား ကျောင်းသူများ၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)မှ ကျောင်းသား ကျောင်းသူများ၊ ဒေသနေ တောင်သူများ၊ မွေးမြူရေးလုပ်ငန်း စိတ်ဝင်စားသူ ပြည်သူများ၊ လေ့လာကြသူများဖြင့် စည်းကားလျက်ရှိသည်။

              မွေးမြူရေး တိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ကျွဲ၊နွား(၁၄၉) ကောင်၊ သိုး၊ ဆိတ် (၁၁၃) ကောင်၊ မွေးမြူထားသည့် နွားနောက်(၃)ကောင် စုစု ပေါင်း(၂၆၅)ကောင် ပါဝင်ပြသ ပြိုင်ဆိုင် ထားပြီး ကောက်ရိုးများကို စနစ်တကျ စက်များဖြင့် ကောက်ရိုးထုံးများပြုလုပ်ခြင်း၊ တိရစ္ဆာန်  အစာပင်(၈) မျိုး ပြသခြင်း နှင့် ရာသီမရွေး အစာသိုလှောင် ကျွေးနိုင်ရန် တိရစ္ဆာန် အစာချဉ်ဖတ်ပြုလုပ်ခြင်း၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းဆိုင်ရာ အစားအစာနှင့် ဆေးဝါး၊ စက်ကိရိယာ နှင့် တန်ဖိုးမြှင့် ထွက်ကုန်ပြခန်း(၁၄၅)ခန်းဖြင့် ခင်းကျင်းပြသထားသည်။

               ပြပွဲ၊ ပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် တို့မှ ပါမောက္ခချုပ်များ ၊ ပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ခဲ့ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူသူများ နှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစား အလိုက် ဆုရရှိသူများ၊ ပြခန်းဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ကြရာ ဆုရရှိသူ မွေးမြူရေး တောင်သူများ စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပြခန်းတာဝန်ရှိသူများက ဆုများလက်ခံရယူ ခဲ့ကြသည်။

               မွန်းလွဲပိုင်းတွင် “ တို့တွေအနာဂတ်တိုးတက်ဖို့ မွေးမြူထုတ်လုပ်ကြပါစို့ ” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး က အဖွင့် အမှာစကားပြောကြားသည်။

               ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းသီတာမြင့် က အစီအစဉ်မှူးအဖြစ် တာဝန်ယူ၍ စကားဝိုင်းဆွေးနွေးပွဲ ကို ဆက်လက် ကျင်းပရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပြည်နယ်များ မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် လေ့လာခဲ့ကြကြောင်း၊ မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ပြိုင်ပွဲ(၂၀၂၂)၏ တတိယနေ့ ကို ဇန်နဝါရီလ (၃၀)ရက်နေ့ အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။