ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားတက်ရောက်

         စိုက်ပျိုးရေးသုတေသနလုပ်ငန်း သည် သီးနှံများ၏ ထုတ်လုပ်နိုင်မှုစွမ်းအား နှင့် အရည်အသွေး မြင့်မားရေးအတွက် အဓိက သော့ချက် ဖြစ်ကြောင်း၊ သုတေသနပြုလုပ်ရာတွင် ရာသီဥတုပြောင်းလဲမှု၊ စားသုံးသူများ၏ ကြိုက်နှစ်သက်မှု နှင့် ဈေးကွက်လိုအပ်ချက် စသည့် ပြောင်းလဲမှုများ နှင့် လိုက်လျောညီထွေဖြစ်စေမည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက် သွားရန် လိုပါကြောင်း၊ ထိုသို့ ထုတ်လုပ်မှု တိုးတက်စေရေး ကိုဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်မှသာ စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ဝင်ငွေတိုးပြီး လူနေမှု အဆင့်အတန်း မြင့်မားလာ  စေမည်ဖြစ်ကြောင်း ဇန်နဝါရီလ (၂၇) ရက်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်သည့် ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၈)ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနား သို့ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ ၊ အငြိမ်းစား ပညာရှင်ကြီးများ၊ သုတေသီများ နှင့် အရာထမ်းအမှုထမ်းများ၊ ထူးချွန်အားကစား မောင်မယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့၏ ဓါတ်ခွဲခန်းများအတွင်း၌သာ ကြိုးပမ်း အားထုတ်နေခြင်းမျိုးမဟုတ်ပဲ နိုင်ငံတကာ၏ သုတေသနတွေ့ရှိချက်များ နှင့် အသစ် အသစ်သော သုတေသနပညာရပ်များကို မျက်ခြေမပြတ်လေ့လာနေကြရန် လိုအပ်ကြောင်း၊ မျိုးကူးစပ်ခြင်း သုတေသနလုပ်ငန်း တွင် သမာရိုးကျ မျိုးကူးစပ် မွေးမြူခြင်း(Conventional Breeding)မှ အဆင့်မြင့် ဇီဝနည်းပညာများ အသုံးချခြင်း (Application of advanced biotechnology)သို့ ပြောင်းလဲ အသုံးပြုနေပြီဖြစ်ကြောင်း ၊ စိုက်ပျိုးရေးထုတ်ကုန် သီးနှံများ၏ အရည်အသွေးနှင့် စားသုံးမှု လုံခြုံ စိတ်ချစေရန် စိုက်ပျိုးနည်းစနစ် သာမက ရိတ်သိမ်းပြီး နောက်ပိုင်း လုပ်ငန်းစဉ်များဖြစ်သည့် ပြင်ဆင်ထုတ်ပိုးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်း အစရှိသည့် ကွင်းဆက်တလျှောက်လုံးအတွက် လိုအပ်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက် ရန် လိုအပ်ကြောင်း၊ လယ်ယာကဏ္ဍသာမက မွေးမြူရေး ကဏ္ဍ ဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သား၊ငါး မွေးမြူရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ စိုက်ပျိုးရေးသုတေသန လုပ်ငန်းများနှင့် ဆက်နွယ်သည့် အပိုင်းများတွင် အတူပူးပေါင်း ပါဝင်ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က သုတေသနဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက် မည့် သုတေသနလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ၏ မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ သုတေသနလုပ်ငန်းများအလိုက် ထူးချွန်ဆုများ နှင့် အားကစားနည်းအလိုက် ထူးချွန်ဆုများ ကို ပြည်ထောင်စုဝန်ကြီး နှင့် တာဝန် ရှိသူများက ချီးမြှင့်ပေးအပ်ရာ သုတေသနပညာရှင်များ နှင့် အားကစားမောင်မယ်များက ဆုများ အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။