ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

မိုးယွန်းကြီးအင်း ရေဝင် ရေထွက် ထိန်းညှိ ထုတ်လွှတ်ပေးနိုင်ရေး အတွက် သံကူကွန်ကရစ် ရေပိုလွှဲတည်ဆောက်

ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုတွင် ရာသီ အလိုက် ရေမြေဒေသအလိုက် အရည်အသွေးမြင့်သီးနှံများ ထုတ်လုပ် နိုင်ရေး လိုအပ်လျက်ရှိသည့် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ ပျိုးပင်များ ထုတ်လုပ်နိုင်ရေး အတွက် ခေတ်မီ နည်းစနစ်များ အသုံးပြု၍ ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ သီးနှံအလိုက် ထုတ်လုပ်မှု အရည်အသွေးနှင့် အထွက်နှုန်း အပေါ် သက်ရောက် သည့် စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချ သုတေသနများ တိုးမြှင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊ ဟင်းသီးဟင်းရွက် သစ်သီး ဝလံများ သည် အရေးကြီးသော တန်ဖိုးမြှင့် စားသောက်ကုန် အဖြစ် ထုတ်လုပ်နိုင်သည့် သီးနှံ အုပ်စုဖြစ်သဖြင့် မိမိတို့နိုင်ငံ၏ မတူညီသည့် ရာသီဥတုမျိုးစုံအား အခွင့်အရေးအဖြစ်အသုံးချပြီး သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်နိုင်ရေး နှင့် ဈေးကွက်ကိုအခြေခံသော စိုက်ပျိုး ထုတ်လုပ်မှု ဖြစ်စေရေး ထည့်သွင်း သုံးသပ် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ ကျွမ်းကျင်မှုအရ ဆောင်ရွက်ချက်များသည် ထင်သာ မြင်သာရှိသော စွမ်းဆောင်အောင်မြင်မှု ဖြစ်စေရေး ကြိုးပမ်း အားထုတ်ကြစေလိုကြောင်း၊ ဇန်နဝါရီလ (၂၅)ရက်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC) တွင် သုတေသန ပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

         ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေး ဗဟိုဌာန(VFRDC) အနေဖြင့် မျိုးကောင်းမျိုးသန့် ဟင်းသီးဟင်းရွက်မျိုးစေ့ နှင့် သစ်သီးဝလံပျိုးပင်များ ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို သုတေသနပြု ဖော်ထုတ်၍ တောင်သူပညာပေးဆောင်ရွက်ခြင်း၊ သီးနှံထွက်ကုန်များ ဘေး အန္တရာယ် ကင်းရှင်းစေရန်အတွက် GAP နှင့် အော်ဂဲနစ် စံချိန် စံညွှန်းများ ရေးဆွဲသည့် လုပ်ငန်းများ၊ GAP Guideline ရေးဆွဲသည့် လုပ်ငန်းများ နှင့် GAP ထောက်ခံချက် လက်မှတ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက် ခြင်း၊ အော်ဂဲနစ် သုတေသနလုပ်ငန်းများ နှင့် အော်ဂဲနစ်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရေး ဇုန်များ ထူထောင်စိုက်ပျိုးပြသခြင်း၊ GAP နှင့် အော်ဂဲနစ် စိုက်ပျိုးရေးစနစ်များ ပြန့်ပွားရေး ဆောင်ရွက်လျက်ရှိသကဲ့သို့  ပိုးမွှားရောဂါဒဏ်  ခံနိုင်သော  ဟင်းသီးဟင်းရွက်မျိုးများ   မျိုးပွား မျိုးထိန်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်သော မျိုးများ စုဆောင်း ထားရှိ ခြင်း၊ သဘာဝ မြေဩဇာ များ၊ ရွက်ဖျန်းအားဆေးများ၏ အကျိုးသက်ရောက်မှုများအား သီးနှံများတွင် သုတေသနပြုခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ် ရှိ  မိုးယွန်းကြီးရေလှောင်ကန် သို့ ရောက်ရှိကြပြီး မိုးယွန်းကြီးကန် ရေပိုလွှဲ တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

ရေပြင်ကျယ် စတုရန်းမိုင်(၄၀) ကန်ရေပြည့်ရေလှောင် ပမာဏ ဧကပေ(၁၄၀၀၀၀)  အမြင့်ဆုံးရေမှတ်(၂၆)ပေ ရှိ မိုးယွန်းကြီး ရေလှောင်ကန် သည် ရာသီအလိုက် ပြောင်းရွှေ့ ကျက်စားသည့် သားငှက်မျိုးစုံတို့ နားခိုရာ သဘာဝဝန်းကျင်တစ်ခု ဖြစ်သည့်အပြင် နွေစပါး ဧက(၄၀၀၀၀) အား အကျိုးပြုလျက်ရှိရာ ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သတ်မှတ်ရေ အမြင့် ကျန်ရှိစေရန် ၊ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများ ကြောင့် ကန်ရေပြည့်အမှတ်ထက် ကျော်လွန်ပြီး ကန်တာပေါင်ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရန် ရေဝင် ရေထွက်ကို ထိန်းညှိထုတ်လွှတ်ပေးနိုင်ရေးအတွက် သံကူကွန်ကရစ်ရေပိုလွှဲ နှင့် ၆ပေ x ၇ပေ ရေပေါက်(၁၁)ပေါက်တွင် ၆ပေ x ၄ပေ Stainless Steel ရေတံခါးများ တပ်ဆင် တည်ဆောက်သွားမည်ဖြစ်သည်။

မိုးယွန်းကြီးရေလှောင်ကန် သို့ ဇောင်းတူ၊ ကိုဒူကွဲ၊ ရွှေလောင်း၊ စလူ၊ ဝါးကတုတ် ရေလှောင်တမံများမှ ရေကူဖြည့်တင်းပေးလျက်ရှိ သကဲ့သို့ ဆင်စုချောင်း၊ ဘုရားလေးချောင်း၊ ဦးကောက်ချောင်း၊ ရွာသစ်ချောင်း၊ ဝမ်းဘဲအင်းချောင်း၊ ရေတာရှည်ချောင်း နှင့် ပျဉ်ပုံကြီး ချောင်း တို့မှ စီးဝင်ရေများလည်းရှိနေရာ မိုးယွန်းကြီးကန်မှ တူးမြောင်းအတွင်းသို့ ရေထုတ်နုတ်ပါက ဝေါ နှင့် သနပ်ပင်မြို့များ၏ အနိမ့်ပိုင်း နေရာများတွင် ရေဝင်ရောက်မှု ဖြစ်ပွားလေ့ ရှိကြောင်း၊ ယခုရေပိုလွှဲ တည်ဆောက်ပြီးစီးပါက မိုးယွန်းကြီးကန်မှ ရေထုတ်နုတ်မှုကို ထိန်းချုပ် ဆောင်ရွက်နိုင်မည်ဖြစ်၍ ဝေါ နှင့် သနပ်ပင်မြို့များ ရေဝင်နစ်မြုပ်မှုမှ အထိုက် အလျောက် သက်သာစေမည်ဖြစ်ကြောင်း၊ အလားတူ ပဲခူးတိုင်းဒေသကြီးရှိ  ဝေါ ၊ သနပ်ပင် နှင့် ကဝမြို့နယ်များ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရမ်း နှင့် သန်လျင်မြို့နယ်များရှိ နွေစပါး စိုက်ဧရိယာအတွက် ရေပိုမိုပေးဝေနိုင်မည်ဖြစ်၍ နွေစပါးစိုက်ဧကများ တိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။