ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊  မွေးမြူရေးတိရစ္ဆာန် ပြပွဲပြိုင်ပွဲ (၂၀၂၂) အကြိုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 

(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နေပြည်တော် ပုဗ္ပသီရီမြို့နယ်၊ စက်စက်ယိုကွင်း၌ ကျင်းပ ပြုလုပ်မည့် မွေးမြူရေး တိရစ္ဆာန် ပြပွဲပြိုင်ပွဲ(၂၀၂၂) ကျင်းပရေး အကြိုပြင်ဆင်မှုများကို ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် တာဝန်ရှိ သူများ က ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြသည်။

တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးစေခြင်းဖြင့် အသားစား နွား ၊ နို့စားနွား ၊ သိုး ၊ ဆိတ်မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ တိုးတက် ထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းစားသုံးမှုအတွက် အသား၊ နို့ နှင့် နို့ထွက် ပစ္စည်းများ ဖူလုံစေပြီး  မွေးမြူရေးထွက် ကုန်ကြမ်း ကုန်ချောများ ပြည်ပတင်ပို့မှု တိုးမြှင့် နိုင်ရန်၊ မွေးမြူရေးသမားအချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ကွန်ယက် ကျယ်ပြန့် လာစေခြင်းဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်မှု အားကောင်း လာစေရန် နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ၊ ထုတ်လုပ်မှုကောင်းမွန်သော အသားစားနွား၊ နို့စားနွားနှင့် သိုး၊ ဆိတ်မျိုးများကို ဖော်ထုတ်၍ မျိုးထိန်းမျိုးပွား မျိုးမြှင့် လုပ်ငန်းများ ဖြစ်ထွန်း အောင်မြင် စေရန် တို့ကို ရည်ရွယ်ကျင်းပမည့် အဆိုပါ ပြပွဲ ပြိုင်ပွဲကို ဇန်နဝါရီ (၂၈)ရက်နေ့ မှ (၃၀)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။