သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် တို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇန်နဝါရီလ(၂၂) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် များရှိ နို့စားနွား မွေးမြူရေးခြံများ၊ နို့ နှင့် နို့ထွက်ပစ္စည်း  ထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးပြီး ဒုတိယဝန်ကြီး က မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးများ ကို သတ်မှတ်ကာလတွင် တိတိကျကျ ထိုးနှံကြရန် နှင့် အာဟာရ ပြည့်ဝပြီး ဘေးကင်းလုံခြုံသော အစားအစာစံချိန်စံညွှန်းများ နှင့်အညီထုတ်လုပ်ရန်လိုအပ်ချက်များ၊ ဝန်ကြီးဌာနက နည်းပညာနှင့် လိုအပ်ချက်များ ကူညီပေးနေမှုများ၊  ကုန်ကြမ်းထုတ်လုပ်မှုမှ တန်ဖိုးမြင့်စားသောက်ကုန် ကုန်ချော ထုတ်လုပ် နိုင်ရေး ကြိုးပမ်းရန် လိုအပ်ချက်များ ကို အကြံပြုဆွေးနွေးမှာကြားသည်။အလားတူ တောင်ခမ်း ဒေသနွားမွေးမြူရေးသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံကို လည်းကောင်း၊ ခြေမြစ်ပင် ဒေသနွားမွေးမြူ‌ရေး သုနေသန နှင့် မျိုးထိန်းမျိုးပွားခြံများကို လည်းကောင်း ကြည့်ရှု စစ်ဆေး အားပေးပြီး မျိုးထိန်း မျိုးပွား လုပ်ငန်း တိုးချဲ့ဆောင်ရွက်ရေး၊ အသားကဏ္ဍ တိုးတက်မြင့်မားစေရေး အလေးထား ဆောင်ရွက်ကြရန်လိုအပ်ချက်များ ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ(ပွေးတောင်)၏ ကော်ဖီ မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ပေးနေမှု၊  စိုက်ပျိုးရေးနည်းပညာပေး သင်တန်းများ ပို့ချနေမှု၊ ဒေသပတ်ဝန်းကျင်ရှိ ကော်ဖီခြံများသို့ ကွင်းဆင်း၍ ကော်ဖီ စိုက်ပျိုးနည်းပညာပေး ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က တောင်သူပညာပေးကွင်း သရုပ်ပြပွဲများ ဆောင်ရွက်ပေးရန်နှင့် စမ်းသပ် စိုက်ခင်းများမှ ရရှိလာသော ရလာဒ်များကို အခြေခံသည့် တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန်၊ သိပ္ပံနည်းကျကော်ဖီ စိုက်ပျိုး နည်းစနစ်များ ဖြန့်ဝေရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ ကန်တော်ကြီး ရေလှောင်ကန် သို့ ရောက်ရှိကြပြီး  ယခင်(၂)နှစ်ဆက်တိုက် မိုးခေါင်ခြင်း ကြောင့် ရေဝင် ရောက်မှု နည်းပါးလာသည့် ကန်တော်ကြီး အား သဘာဝအတိုင်း ရေဝင်ရောက်မှု ရှိစေရေးအတွက်  ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

လုပ်ငန်းများကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က အမျိုးသားကန်တော်ကြီး ဥယျာဉ် ရှိ ကန်တော်ကြီးရေကန် ရေပိုမိုသိုလှောင်နိုင်ရေး နှင့် ကန်ဘောင်ရေယိုစိမ့်နိုင်မှု များအား အသေးစိတ်စူးစမ်းလေ့လာ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ရေဝင်ဧရိယာ အတွင်း နှစ်စဉ်ရွာသွန်းသည့် မိုးရေများ ကောင်းစွာ စီးဝင်နိုင်ရန်၊ ရေဝင်လမ်းကြောင်း ရေဆင်းမြောင်းများ ပိတ်ဆို့မှု မရှိစေရေး နှင့် ရေဝင်လမ်းကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား သည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် စိမ်းလန်းစိုပြည်သာယာရေး နှင့် ကန်တော်ကြီး အတွင်းသို့ သဘာဝအတိုင်း ရေများစီးဆင်း ဝင်ရောက်မှု ရှိစေရေး အတွက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ နှင့် အကောင်အထည်ဖော်ရေးအဖွဲ့တို့မှ ရေဝင်ပေါက် (၅)ခု အား ရေဝင်လမ်းကြောင်းအလိုက်  ရှင်းလင်းဆောင်ရွက်ခြင်း ၊ မြောင်းကျော် တံတာများ ၊ ရေခေါ် အဆောက် အအုံများ ပြန်လည် တူးဖော်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်ခဲ့ရာ ယခင်ရေ အနက် ၁၆ ပေရှိရာ မှ ယခုအခါ ရေအနက် ပေ ၂၀ ကျော် ရှိသဖြင့် ရေ ၄ ပေကျော် မြှင့်တက် ခဲ့ကြောင်း သိရသည်။