ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရခိုင်ပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေး လုပ်ငန်းညှိနှိုင်း

ရခိုင်ပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုစွမ်းအား ပြည့်ဝရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီလ(၂၄)ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု မျှော်မှန်းအထွက်ရာနှုန်း ပြည့်မီရေး၊ အရည်အသွေးကောင်း အထွက်နှုန်းကောင်း သီးနှံမျိုးများပြောင်းလဲအသုံးပြုနိုင်ရေး၊ မိုးများဒေသဖြစ်၍ ရေထုတ်မြောင်းများ ကုန်ထုတ်လမ်းများပါဝင်သည့် စနစ်ကျလယ်မြေများ ဖော်ထုတ်လုပ်ကိုင်ရန်၊ လယ်ယာသုံးစက်ကိရိယာ ပြုပြင်၊ ထိန်းသိမ်း၊ မောင်းနှင်ခြင်း သင်တန်းများ ဖွင့်လှစ်ပေးရေး ၊ ပုဂ္ဂလိကလယ်သုံးစက်ကိရိယာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန် ကိစ္စရပ်များကိုလည်းကောင်း၊ စပါးအပြီး ဆီထွက် သီးနှံ သို့မဟုတ် ပဲသီးနှံ ကို ဒုတိယသီးနှံအဖြစ် သီးထပ် စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်းပြည်ပဈေးကွက်ရှိနေသည့် နှစ်ရှည်သီးနှံ အုန်း ၊ သီဟိုဠ် သရက် ၊ ဥယျာဉ်ခြံသီးနှံ နှင့် မြေပြန့်ကော်ဖီများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင် လာစေရေး အားပေး ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါး ပုစွန် နှင့် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ သဘာဝကဏန်းများ မျိုးသုဉ်းမှု မဖြစ်စေရေး အတွက် သားဖောက်မျိုးထိန်းရန်၊ တိရစ္ဆာန်အစာစိုက်ပျိုးကျွေးမွေးခြင်း အလေ့အထ ထွန်းကား လာရေး နှင့် နွား၊ ဆိတ်မွေးမြူမှု ဖွံ့ဖြိုးလာရေး ဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ လမ်းပမ်း ဆက်သွယ်ရေး နှင့် လျှပ်စစ်မီးအသုံးပြုနိုင်မှု အခြေအနေ ပေးသည့် နေရာများရွေးချယ်၍ ကုန်ချောထုတ်လုပ်သည့် စီးပွားရေးဇုန်များ တည်ထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောက်တော် စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် မွေးမြူရေး ဒီပလိုမာဖွင့်လှစ်ရေး စီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသအတွက် လိုအပ်လျက် ရှိသော ငါးလုပ်ငန်း ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း နှင့် လယ်ယာလုပ်ငန်းသုံး စက်မောင်းစက်ပြင် သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ငါးဖမ်းရေယာဉ်များ စောင့်ကြည့်ထိန်းချုပ်ရေးဌာနခွဲ သို့ ရောက်ရှိကြပြီး ဆိုက်ရောက်၊ ထွက်ခွါခြင်း၊ ပင်လယ်ပြင်ငါးဖမ်းဆီးခြင်း စသည့် ကမ်းနီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ၏ လှုပ်ရှား သွားလာ လုပ်ကိုင်နေမှုများကို တည်ဆဲဥပဒေများ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး စောင့်ကြည့်ထိန်းချုပ်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့  အင်းစိန်မြို့နယ်ရှိ General Food Technology Industry Co.,Ltd ၏ ဂျပန် ၊ ဥရောပ နှင့် ဩစတေးလျ နိုင်ငံဈေးကွက်များသို့ တင်ပို့နေသော အရည်အသွေးမြင့် ပုစွန် နှင့် ကင်းပွန်ကိုအခြေခံသည့် တန်ဖိုးမြင့် အသင့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေး သည်။ အဆိုပါကုမ္ပဏီမှ ပုစွန် နှင့် ကင်းပွန်ကိုအခြေခံသည့် တန်ဖိုးမြင့် ထုတ်ကုန်များကို တစ်နှစ်ပတ်လုံး ထုတ်လုပ်တင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁အတွင်း အမေရိကန် ဒေါ်လာ (၄.၈)သန်းတန်ဖိုးရှိ ပို့ကုန် မက်ထရစ်တန် (၇၀၀) ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။