တိုးတက်ပြောင်းလဲလာသော ခေတ်စနစ် ယဉ်ကျေးမှုများနှင့်အတူ လူတို့၏ အစားအသောက်ပုံစံများ ပြောင်းလဲလာမှုနှင့်တူ ကိုယ်ခံအား စနစ် ကောင်းမွန်ရေးအတွက် အာဟာရ ပြည့်ဝသော အစားအစာများကို ကျန်းမာရေး ရှုထောင့်မှ ရွေးချယ် စားသုံးလာမှု များလည်း ရေပန်းစားလျက်ရှိရာ ဗီတာမင်နှင့်အာဟာရဓါတ်ကြွယ်ဝသော သီးနှံအမယ်စုံကို တိုးတက် ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်နိုင်ရေး နှင့် စီးပွားဖြစ် လုပ်ကိုင်လိုသူများအတွက် နည်းပညာနှင့် လိုအပ်သောအကူအညီများကို ဒေသ အလိုက် စီမံ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဇန်နဝါရီလ(၂၃) ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ရှိ စိုက်ပျိုးရေးဦးစီးဌာန ၏ Rosaceae စတော်ဘယ်ရီ မျိုးစိုက်ခင်း၊ ဆလပ်စိုက်ခင်းများနှင့် နဂါးမောက်စိုက်ခင်းများ အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဌာနဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပုသိမ်ကြီးမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း သို့ရောက်ရှိကြပြီး ကျောင်းဆောင်သစ်များ တည်ဆောက် ပြီးစီးမှု ၊ စာတွေ့ လက်တွေ့ သင်ကြားနေမှု၊ Covid-19 ရောဂါ ကာကွယ်ရေး နှင့် ဘေးကင်း လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများ နှင့် ကျောင်းသူ ကျောင်းသားများ အတွက် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်ရှိ အထက်မြန်မာပြည် အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးဓာတ်ခွဲခန်း(မန္တလေး)၏ ဓာတ်ခွဲခန်း လုပ်ငန်း ဆောင်ရွက်နေမှုများ၊ စီမံကိန်း ဧရိယာမှ ထုတ်လုပ်လိုက်သော ဟင်းသီးဟင်းရွက် သစ်သီးဝလံများ နှင့် လက်ကားစျေးကွက် အတွင်း စားသုံးမှုများသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများတွင် စားသုံးသူကို ဘေးအန္တရာယ်ဖြစ်စေသော ဓာတုဓါတ်ကြွင်းနှင့် မှိုဆိပ်ပါဝင်မှုကို GC နှင့် UHPLC စက်များ အသုံးပြု၍ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ အထက် မြန်မာပြည် မြေအသုံးချရေးဓာတ်ခွဲခန်း တွင် မြေဆီလွှာ ဓာတ်ခွဲခြင်း၊ စိုက်ပျိုးရေဓာတ်ခွဲခြင်း၊ ဓာတ်မြေသြဇာ အရည်အသွေးဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က မြေဆီလွှာထိန်းသိမ်းရေး မြေဆီ ထက်သန်ရေး နှင့် မြေအမျိုးအစားအလိုက် သီးနှံစိုက်ပျိုးဖြစ်ထွန်းနိုင်မှု အသိပညာ နည်းပညာများ ဖြန့်ဝေခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူ များအား ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း (စဉ့်ကိုင်) သို့ ရောက်ရှိကြပြီး ရောဂါဗေဒဌာနစိတ်၊ ဘက်တီးရီးယားဌာနစိတ်၊ ကပ်ပါးရောဂါ ဌာနစိတ် နှင့် ဗိုင်းရပ်(စ်)နှင့်သွေးရည်ကြည်ဌာနစိတ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။