စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ(၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ (၉)မိုင်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၉) အစည်း အဝေးခန်းမ တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမျိုးစေ့၊မြေဩဇာနှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း၊ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ ကုမ္ပဏီများ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံ၍ တောင်သူများအတွက် သက်သာသည့် နှုန်းထားဖြင့် စိုက်ပျိုးရေးသွင်းအားစု ဓါတ်မြေဩဇာများ ဖြန့်ဖြူးရောင်းချ ပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ မိမိတို့နိုင်ငံအား စက်မှုဖွံ့ဖြိုးသောနိုင်ငံဖြစ်စေရေး ကြိုးပမ်းအားထုတ်ရာတွင် အခြေခံရှိပြီးသော စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကို ခေတ်မီနည်းပညာများအသုံးပြုပြီး လုပ်ငန်းကွင်းဆက် တလျှောက်လုံး တပြိုင်တည်းတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် သွင်းအားစုတစ်ခုဖြစ်သော ဓါတ်မြေဩဇာများ ဖူလုံစွာသုံးစွဲနိုင်ရေး အတွက် ပြည်တွင်း ပြည်ပ ဈေးနှုန်းများ နှင့် လိုက်လျော ညီထွေပြီး သက်သာသောနှုန်းထား ဖြစ်စေရေးကို အစိုးရနှင့် ပုဂ္ဂလိက လက်တွဲပြီး ဟန်ချက်ညီ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သော ကူညီမှုများကို တည်ဆဲဥပဒေများနှင့် အညီ ဆောင်ရွက် ပေးလျက်ရှိရာ ပုဂ္ဂလိကများ အသင်းအဖွဲ့များအနေဖြင့် ကျရာပခန်းကဏ္ဍက ပူးပေါင်း ဆောင်ရွက်ကြ စေ လိုကြောင်း၊ ဒေသအလိုက် မြေဆီအရည် အသွေးများ ကို စနစ်တကျ စစ်ဆေး ဖော်ထုတ်ပြီး မြေဆီလွှာဖွံ့ဖြိုးရေးဆောင်ရွက်ရန် ၊ သီးနှံနှင့် ဒေသရေမြေလိုအပ်ချက် များနှင့် ညီညွတ်မျှတသော သွင်းအားစု အသုံးပြုမှု ဖြစ်စေရန် တောင်သူ ပညာပေးလုပ်ငန်းများ အပြင် လက်လီ လက္ကား ရောင်းချသူများအတွက် အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိရာ ပုဂ္ဂလိကအခန်းကဏ္ဍက ပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊
တောင်သူများအနေဖြင့် ကွန်ပေါင်းဓါတ်မြေဩဇာအပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိရာ ပြည်တွင်းကွန်ပေါင်းထုတ်လုပ်မှု တိုးတက်ရေး နှင့် ရင်းနှီးမြုပ်နှံမှု တိုးမြှင့် နိုင်ရေး အတွက် ကွန်ပေါင်းစက်ရုံများ၏ လိုအပ်ချက်များ ရှိပါကလည်း အချိန်နှင့်တပြေးညီ ကူညီပေးသွားမည် ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ၏ ရေရှည်အကျိုးကို မျှော်မှန်းပြီး အစိုးရ နှင့် ပုဂ္ဂလိကတို့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ် ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က လိုအပ်ချက်များ ဖြည့်ဆည်း ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။