ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  စိုက်ပျိုးရေးတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း များသို့ ရောက်ရှိစစ်ဆေးအားပေး

         သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်စွာ တတ်မြောက်အောင် ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်း ၊ မိမိတို့ သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်ဖြင့် မိမိဒေသ မိမိနိုင်ငံ အတွက် အကောင်းဆုံးအကျိုးပြုသူအဖြစ် ရပ်တည်နိုင်ရေး ကြိုးပမ်းရန် နှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ဓလေ့စရိုက်များကို ထိန်းသိမ်းကြရန်လိုကြောင်း၊ နိုင်ငံတော်က ပညာရေးကိုအခြေခံသည့် အသိပညာ အတတ်ပညာ ရှိသော လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာရေး မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ဆရာများအနေဖြင့် ကျရာအခန်းကဏ္ဍက အားထုတ် ကြိုးပမ်း ကြစေလိုကြောင်း ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာဆေး တက္ကသိုလ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်းများသို့ ရောက်ရှိစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြာသည်။

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများ စတင်ဖွင့်လှစ်နေပြီဖြစ်ရာ ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် အဆိုပါ ကျောင်းများသို့ သွားရောက်၍ ဆရာ ဆရာမများ ကျောင်းသူ ကျောင်းသားများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စားသောက်ဖွယ်ရာများ ပေးအပ်ပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် တွင် (၂၁၃)ဦး ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် တွင် ကျောင်းသား၊ကျောင်းသူ (၄၉)ဦး၊ ပျဉ်းမနား စိုက်ပျိုးရေး သိပ္ပံကျောင်း တွင် ကျောင်းသားကျောင်းသူ (၅၉)ဦး၊ တက်ရောက်၍ ပညာသင်ယူလျက် ရှိကြကြောင်း ၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများအပါအဝင် ဘေးကင်းလုံခြုံစွာ ပညာများ ဆည်းပူးလေ့လာသင်ယူနိုင်ရေး အစီအမံများ စနစ်တကျ ဆောင်ရွက် ထားရှိကြောင်း သိရသည်။