သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

စီမံကိန်းဦးစီးဌာန ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း အသစ် (၄၅)ဦး အတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်

                                                             စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများတွင် တာဝန် ထမ်းဆောင်ကြမည့် နိုင်ငံဝန်ထမ်းများ စွမ်းဆောင်ရည်ပြည့်ဝရေး၊ တည်ဆဲ နိုင်ငံဝန်ထမ်း ဥပဒေများ၊ အမိန့် နှင့် ညွှန်ကြားချက်များအပေါ် သိရှိလိုက်နာရေးအတွက် ဌာနများ အလိုက် သက်ဆိုင်ရာ သင်တန်းများကို ကျင်းပပေးလျက်ရှိရာ စီမံကိန်းဦးစီးဌာန ၌ တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း အသစ် (၄၅)ဦး အတွက် လုပ်ငန်းခွင် အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

              စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာန(၉)ခု၊ တက္ကသိုလ် (၂)ခု တို့တွင် လုပ်ငန်းများ အရှိန်အဟုန် မပျက် ဆောင်ရွက်နိုင်ရေး အတွက် ဝန်ထမ်းပြုန်းတီးမှု မရှိစေရေး ၊ လစ်လပ်ရာထူးနေရာများ အစားထိုးခန့်ထားနိုင်ရေး နှင့် လုပ်ငန်းကျွမ်းကျင်သော လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေး လုပ်ငန်းများ ကို အလေးထား ဆောင်ရွက် လျက်ရှိရာ စီမံကိန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူး(၁၇)ဦး၊ လက်ထောက်ဦးစီးမှူး (၂၀)ဦး၊ ဒု-လက်ထောက် ဦးစီးမှူး(၈) ဦး စုစုပေါင်း(၄၅)နေရာ အတွက် သတ်မှတ် အရည်အချင်းပြည့်မီသူများကို ခန့်အပ်ခဲ့ကြောင်း၊ ဇန်နဝါရီလ (၁၈)ရက်နေ့ မှ (၃၀)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသည့် အဆိုပါသင်တန်းတွင် စီမံကိန်းနှင့်စာရင်းအင်းဘာသာရပ်၊ နိုင်ငံ တကာ ဆက်ဆံရေးဘာသာရပ်၊ အာဆီယံရေးရာ ဘာသာရပ်၊ လယ်ယာစီးပွားနှင့်ကုန်သွယ်မှု ဘာသာရပ်၊ စီမံကိန်းစိစစ်သုံးသပ်ရေးဘာသာရပ်၊ မူဝါဒနှင့်သုတေသနဘာသာရပ်၊ ငွေစာရင်း ဘာသာရပ် စသည့် လုပ်ငန်းခွင် လက်တွေ့အသုံးချဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။