ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

  ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  ၊ မြို့ကြီး ရေလှောင်တမံ နှင့် သုတေသနလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

သဘာဝဘေးကြိုတင်ကာကွယ်ရေး ၊ တမံကြံ့ခိုင်ရေးလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးရန်နှင့် ဒေသခံတောင်သူများ ရေအသုံးချသူများ အဖွဲ့(WUG)များ နှင့်တွေ့ဆုံ၍ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး လိုအပ်ချက်များဖြည့်ဆည်းပေးရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊   ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ သည် ဇန်နဝါရီလ (၁၆) ရက်နေ့က  မြို့ကြီး ရေလှောင်တမံ သို့ ရောက်ရှိခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေလှောင်တမံ ရေဝင်ရောက်မှု အခြေအနေ၊ ရေယူ အဆောက်အအုံ၊ ရေအားလျှပ်စစ်စက်ရုံ နှင့် ရေလွှဲဆည် တို့အားကြည့်ရှုစစ်ဆေးကြပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေး အတွက် စဉ်ဆက်မပြတ် စူးစမ်း လေ့လာရန် လိုအပ် ချက်များ၊ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရန် လိုအပ်ချက်များ နှင့် ဒေသနေတောင်သူများ၏ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေး ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားသည်။

ဒေသစိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေး အပြင် ရေအားလျှပ်စစ် ထုတ်ယူအသုံး ပြုနိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၊ မြို့ကြီးရေလှောင် တမံသည် တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံ နှင့် တည်ဆောက်ပြီး ဇော်ဂျီရေလှောင်တမံ တို့မှ ပို့လွှတ်လိုက်သောရေများ နှင့် ရေလှောင်တမံနှစ်ခုကြား စီးဆင်းလာသောရေများကို စုဆောင်း သိုလှောင်၍ ရေအားလျှပ်စစ် (၁၅)မက်ဂ္ဂါဝပ် ၂လုံးကို စွမ်းအားပြည့် ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည့်အပြင် မတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးမြေဧရိယာ (၃၃၀၀၀)ဧက ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။          ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စက်မှုသီးနှံနှင့်နှစ်ရှည်ပင်များ သုတေသန ဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနခြံ ၏ သုသေတနလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နိုင်ကြည်ဝင်း က ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းသီးနှံမျိုးများ နှင့် ပိုးမွှားရောဂါကာကွယ် နှိမ်နင်း နည်းစနစ်များ သုတေသနပြု ဖော်ထုတ်ပေးနေမှုများကို ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရေမြေရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုံးနှင့် အရည်အသွေး ကောင်းမွန်ပြီး တောင်သူဝင်‌ငွေ တွက်ချေကိုက် သည့် မျိုးသန့်များ ထုတ်လုပ်ပေးရန် ၊ တောင်သူများ၏ လိုအပ်အချက်အပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ ကို ဆွေးနွေး မှာကြားသည်။

အလားတူ စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ ပျော်ဘွယ်မြို့နယ်  ချောင်းမကြီး မျိုးသန့်ခြံ သို့လည်းကောင်း၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန၊ ရမည်းသင်းမြို့နယ်  စီပင် စိုက်ပျိုးရေး သုတေသနခြံ သို့လည်းကောင်းရောက်ရှိပြီး ပိုက်ဆံလျှော် ၊ ပဲတီစိမ်း၊ နှမ်း၊ စပ်မျိုးနေကြာ ၊ ပဲစဉ်းငုံ သီးနှံ သုတေသနလုပ်ငန်းများ ၊ ဒေသနှင့်ကိုက်ညီသည့် အရည်အသွေးကောင်း အထွက်ကောင်း မျိုးစေ့များ မျိုးပွားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ၊ မျိုးရိုးဗီဇမှန်ကန်သည့် မျိုးစေ့အရည်အသွေး နှင့် ပြည့်စုံသောမျိုးစေ့များရရှိရးအတွက် အရည်အသွေး ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တောင်သူများအတွက် စီးပွားရေး တွက်ခြေကိုက်မည့် သီးနှံမျိုးများ နှင့် နည်းပညာများ ဖြန့်ဖြူးပေးရန်လိုအပ်ချက်များ၊  သရုပ်ပြပွဲများ ဆွေးနွေးပွဲများ တောင်သူ ပညာပေး သင်တန်းများဖွင့်လှစ် ပေးရန်လိုအပ်ချက်များကို တာဝန်ရှိ သူများအား ဆွေးနွေးမှာကြားသည်။

ထို့နောက် ဇီဝကဘက်စုံမွေးမြူရေးခြံ ၏ ဥစားကြက်၊ အသားစားကြက်၊ ဒေသဆိတ်မျိုး၊ ဒေသနွားမျိုးများ နှင့် အသားတိုးနွားများ မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Comments are closed.