စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ဇန်နဝါရီလ (၁၅) ရက်နေ့က မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ သဖန်းစံပြမွေးမြူရေးခြံဝန်း အတွင်း ပြန်လည်ပြုပြင် နေသည့် စံပြကန် အမှတ်(၁) နှင့် အမှတ်(၂) တို့အား ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ရေအလေအလွင့်မရှိ အသုံးပြုနိုင်ရေး၊ ကန်နှင့်ရေပေးဝေရေးအဆောက်အအုံများ ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး အတွက် စနစ်တကျ စီမံ ဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ယခုပြုပြင်လျက်ရှိသည့် ရေလှောင်ကန်များမှာ မိတ္ထီလာ-ပင်တလဲကားလမ်းဘေးရှိ သဖန်းစံပြမွေးမြူရေးခြံဝန်းအတွင်း နှစ်ပေါင်း(၇၀)ခန့် သက်တမ်းရှိ မြေသားကန်များ ဖြစ်ကြောင်း၊ သဲနုန်းပို့ချမှုကြောင့် တိမ်ကောလာသဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ပြုပြင်မွမ်းမံမှုလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အဆိုပါကန်များ ပြုပြင်မွမ်းမံပြီးပါက အမှတ်(၁) ရေလှောင်ကန်မှ စိုက်မြေဧရိယာ ဧက(၇၀) နှင့် အမှတ် (၂) ကန် မှ စိုက်မြေဧရိယာ (၃၉) ဧက စုစုပေါင်း (၁၀၉) ဧက ကို စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ကြောင်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေး အသုံးချသုတေသန နှင့် မျိုးထိမ်း၊ မျိုးပွားခြံ (သဖန်းခြံ)တွင်ဆောင်ရွက်လျက်ရှိသည့် ဒေသဆိတ် မျိုးရင်း ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ အသားတိုးနွားမျိုးထိန်းခြင်း၊ မျိုးပွားခြင်း လုပ်ငန်းများ၊ မွေးမြူရေးဆိုင်ရာ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီး က ရေမြေဒေသနှင့် ကိုက်ညီပြီး ရာသီဉတုဒါဏ် ရောဂါဒါဏ်ခံ နိုင်ရည်ရှိသော မျိုးကောင်း မျိုးသန့်များ မွေးမြူဖြန့်ဖြူးပေးနိုင်ရေး၊ မွေးမြူရေးတောင်သူများ အတွက် နည်းပညာပေး လုပ်ငန်းများဆောင်ရွက်ရန်လိုပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား သည်။
အလားတူ ဝမ်းတွင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ နှင့် ကျောက်ဆည် မြို့နယ် လွန်ကျော် ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံများသို့ ရောက်ရှိပြီး ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်-၉ ၊ ရွှေတောင်-၁၀ နှင့် ရွှေတောင် – ၁၁ ချည်မျှင်ရှည်ဝါနှင့် ဝါမျိုးများမျိုးသန့်မျိုးပွားလုပ်ငန်းများကိုလည်းကောင်း ၊ ဝါသုတေသန လုပ်ငန်း အဆင့်ဆင့်ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က တာဝန်ရှိသူများအား ဆွေးနွေးမှာကြားရာ၌ သုသေသနလုပ်ငန်းများ တောင်သူ ပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ရေးသာမက စီးပွားရေးအမြင်ဖြင့် တောင်သူ အတွက် ဝင်ငွေ တွက်ခြေ ကိုက်သော လုပ်ငန်းဖြစ်စေရေးကိုပါ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု အပေါ် တောင်သူများ စိတ်ဝင်စား လာစေခြင်းဖြင့် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာရေး ကြိုးပမ်းကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။