မျိုးကောင်းမျိုးသန့်ငါးမျိုးများ ရေရှည်တည်တံ့စေရန်၊ သဘာဝ မြစ်ချောင်းများ တွင် ငါးသယံဇာတ ပွားများစေရန်၊ ငါးထုတ်လုပ်မှု တိုးတက်စေပြီး ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူတိုင်း ငါးဟင်း စားနိုင်ကြစေရန် တို့ကိုရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းရှိ မြစ်ချောင်းများ၊ ဆည်ကန်များတွင် ငါးမျိုးစိုက်ထည့်ပေးခြင်းကို နိုင်ငံတော်က ဘဏ္ဍာနှစ်အလိုက် စီမံ ဆောင်ရွက်ပေးလျက်ရှိရာ ဧရာဝတီမြစ်တွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇန်နဝါရီ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ ပြည်ဆိပ်ခံတံတား ဧရာဝတီမြစ်ကမ်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြပြီး (၂)လက်မအရွယ် ငါးမြစ်ချင်းသားပေါက် အကောင်ရေ တစ်သိန်း အား ငါးမျိုးစိုက်ထည့်ပေးကြသည်။
၎င်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပြည်မြို့နဝဒေးရပ် မွေးမြူရေး တောင်သူ ဦးခင်မောင်ဇော် ၏ နို့စားနွား မွေးမြူရေးခြံသို့ရောက်ရှိကြပြီး နို့စားနွား မွေးမြူ ထားရှိမှု ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှု ကိုလည်းကောင်း၊ ဥစားကြက် မွေးမြူရေးအစာ နှင့် ကြက်ပေါက်ဖြန့်ချီရေး ကြက်ခြံတွင် ဥစားကြက်မွေးမြူထားရှိမှု ကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ဒုတိယဝန်ကြီး က တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေး နှင့် အာဟာရ ပြည့်ဝစေမည့် တိရစ္ဆာန်အစာ အသုံးပြုရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့နယ် ဖန်ခါးကျေးရွာ တောင်နဝင်းရေသောက်စနစ် (PK-1)မြောင်းအဖျားပိုင်း ကုန်းမြင့်လယ်ယာမြေများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေတင်၍ စိုက်ပျိုးရေ ပေးဝေနေမှု ကိုလည်းကောင်း၊ တောင်သူ ဦးဝင်းညွန့် ၏ မတ်ပဲ နေကြာ သီးညှပ်စိုက်ခင်းကို လည်းကောင်း ကြည့်ရှုအားပေးပြီး ရေအသုံးချသူများအဖွဲ့နှင့်တွေ့ဆုံ၍ စိုက်ပျိုးရေ ခြွေတာရေးအတွက် ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာများကို အသုံးချဆောင်ရွက်ရန် ၊ တောင်သူများအချင်းချင်း ညှိနှိုင်း၍ ဝင်ငွေရ တန်ဖိုးမြင့်သီးနှံများ ရွေးချယ်စိုက်ပျိုးရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
အလားတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်း ရေလှောင်တမံ ၏ စိုက်ပျိုးရေ ပေးဝေနေမှု ၊ ပင်မရေလှောင်တမံ ကြံ့ခိုင်မှုများကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယဝန်ကြီး က သဘာဝဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ထားရှိမှု မှတ်တမ်းများ စနစ်တကျဖြစ်စေရေး၊ ရေလှောင်တမံ နှင့် ရေသောက်စနစ်များ ရေရှည် အကျိုးရှိစွာအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ချက်များကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ပြည်မြို့ ဇီးအုပ်ကျေးရွာ ရှိ တောင်သူလယ်သမား သင်တန်းကျောင်း သို့ ရောက်ရှိကြပြီး သင်းတန်းခန်းမ၊ ထမင်းစားဆောင် နှင့် အိပ်ဆောင်များ အား လှည်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယဝန်ကြီး က ခေတ်မီ နည်းပညာများ ဖြစ်စေရေး မျက်ခြေမပြတ် လေ့လာ၍ ဆွေးနွေးပို့ချမှု အဆင့်မြှင့်တင်ရန် လိုအပ်ချက်များ၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မိမိလုပ်ငန်း ပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေမှုရှိသည့် နေ့စဉ်လူနေမှုပုံစံသစ်ဖြင့် လုပ်ငန်းများအရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။