ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ငါးသလောက်ငါးမျိုးများထိန်းသိမ်းရေးနှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ။

ပြည်တွင်း ပြည်ပဈေးကွက် စားသုံးမှု တွင် လူကြိုက်များသော ငါးသလောက် ကို စနစ်တကျ ပြန်လည်ထိန်းသိမ်းရန် လိုအပ်လျက်ရှိကြောင်း၊ ငါးသလောက် သည် အိမ်နီးချင်း နိုင်ငံများတွင်လည်း ပေါက်ပွားမှုနှင့် စားသုံးမှုရှိပြီး အာရှရေပြင်မှ အီရန်၊ ပါရှန်ကွေ့အထိ နယ်စပ်ဖြတ်ကျော်ပြီး သွားနေသည့် ငါးမျိုးစိတ်တစ်ခုဖြစ်ကာ တစ်ချို့ဒေသများတွင် မျိုးတုန်း ပျောက်ကွယ်မှုများနှင့် ကြုံ‌တွေ့ရလျက်ရှိနေသော်လည်း  ဘင်္ဂလားပင်လယ်အော်အတွင်းရှိနိုင်ငံ အချို့တွင် ငါးသလောက် ထိန်းသိမ်းမှု ဇုန်အနေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာမှုစစ်တမ်းများအရ ငါးသလောက်ဖမ်းဆီး ရရှိမှု နည်းပါးလာပြီး ဖမ်းဆီးရရှိသည့် အကောင် အရွယ်အစား သေးငယ်လာလျက်ရှိရာ ငါးသလောက် မျိုးတုန်းမှု မဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ သတ်မှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် ငါးသလောက် ငါးမျိုးများထိန်းသိမ်းရေး နှင့် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

           အလုပ်ရုံဆွေးနွေးပွဲ သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ World Fish မှ ကိုယ်စား လှယ်များ၊ သုတေသနပညာရှင်များ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ က အွန်လိုင်း စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

ငါးသလောက် ငါးမျိုးများ ထိန်းသိမ်းရေး လုပ်ငန်းကို ဆောင်ရွက်ရာမှာ  အစိုးရအဖွဲ့အစည်း တစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပဲ ငါးဖမ်းဆီးသူများ မှ ငါးစား သုံးသူများ အထိ ထုတ်လုပ်မှုကွင်းဆက်တွင် ပါဝင်သူများ အားလုံးတို့က ပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်း၊  ပညာပေးမှုမှာလည်း အလွန်အရေးကြီးပါကြောင်း၊  စားသုံးသူများအနေဖြင့် ငါးသလောက်ဥ စားသုံးခြင်းကဲ့သို့သော ငါးပြုန်းတီးမှုဖြစ်ပေါ်နိုင်သည့် အခြေအနေကို ထိန်းသိမ်းပေးကြရန် လိုအပ်ပါကြောင်း ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။

အားလုံးကိုလွှမ်းခြုံမှုရှိ အမျိုးသားဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာ နှင့် လုပ်ငန်းစီမံချက် (National Biodiversity and Strategic Action Plan- NBSAP) နှင့်အညီ မြန်မာ့ရေသံယဇာတပစ္စည်းများကို ထိန်သိမ်း ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံအဆင့် ပင်လယ် ကမ်းရိုးတန်း စီမံအုပ်ချုပ်မှု ဗဟိုကော်မတီ နှင့် လုပ်ငန်း ကော်မတီများ ကို စနစ်တကျ ဖွဲ့စည်းထားပြီး အားလုံးပူးပေါင်း ပါဝင်သော ကမ်းရိုးတန်း သံယဇာတအရင်းအမြစ် ရေရှည်တည်တံ့ ခိုင်မြဲရေးကိုဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံနိုင်ငံများ အတွင်း မြန်မာ နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်အားမထိခိုက်စေပဲ သယံဇာတများကို ရေရှည်တည်တံ့ စေမည့် အကျိုးပြု အဏ္ဏဝါစီးပွားရေး  Blue Economy For the Blue Ocean ကို လက်ခံကျင့်သုံးရန် သဘောတူညီချက် တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ယနေ့ကျင်းပပြုလုပ်သည့် ငါးသလောက် ငါးမျိုးများထိန်းသိမ်းရေး နှင့် ဈေးကွက် မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တွင် ငါးလုပ်ငန်းဦးစီးဌာန က ဆောင်ရွက်လျက် ရှိသည့် ငါးသလောက် ငါးဖမ်းလုပ်သားများ၏  လူမှုစီးပွားရေးဘဝ စစ်တမ်းများ၊ ဈေးကွက်၏ ပြောင်းလဲမှုအခြေအနေများကို လေ့လာထားသည့် သုတေသနများ ၊ ငါးသလောက် နှင့် ပတ်သတ်၍  မျိုးပွားခြင်း ၊ သားပေါက်ခြင်း၊ အရွယ်ရောက်ခြင်း၊ ရွှေ့ပြောင်း ကျက်စားခြင်း စသည့် ငါးသလောက်၏ ဇီဝဗေဒ ၊ ဂေဟဗေဒ  လေ့လာမှု စာတမ်းများ ၊ ဌာန နှင့် ပုဂ္ဂလိက ပူးပေါင်း၍ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးဆိုင်ရာများ ကို ဆွေးနွေးခဲ့ကြပြီး ငါးသလောက် ငါးမျိုးများထိန်းသိမ်းရေး နှင့် ဈေးကွက်မြှင့်တင်ရေး အတွက် ရေတိုရေရှည် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး ဖော်ထုတ်ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိသည်။