စိုက်ပျိုးရေရရှိရေးအတွက် အသုံးပြုလျက်ရှိသော မြစ်ရေတင်စီမံကိန်းများ တွင် လျှပ်စစ်ဓါတ်အားခ နှင့် စက်မောင်းဆီခြွေတာနိုင်ရေး ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ပြီဖြစ်ရာ ဒေသနေတောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုလျော့နဲပြီးဝင်ငွေ တိုးတက်လာမည်ဖြစ်ကြောင်း၊ တချိန်တည်းတွင် သက်ဆိုင်ရာ ဌာနများ အနေဖြင့်လည်း စိုက်ပျိုးရေခြွေတာရေး နှင့် အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်ရေး အတွက် ရေစီမံခန့်ခွဲမှုနည်းလမ်းများ၊ သီးနှံပုံစံများကို ဖြန့်ဝေ ပေးရန် ၊ တန်ဖိုးမြင့်သီးနှံများ ပြောင်းလဲ စိုက်ပျိုးနိုင်ရန်လိုအပ်သည့် နည်းပညာနှင့် အကူအညီများပေးအပ်နိုင်ရေး အစီအမံများ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ရှိ ကျောင်းစုလျှပ်စစ်မြစ်ရေတင်စီမံကိန်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများအား ဆွေးနွေးပြောကြားသည်။
ကျောင်းစုလျှပ်စစ်မြစ်ရေတင်စီမံကိန်း သည် စစ်တောင်းတူးမြောင်းမှရေကို ၁၂လက်မ သံပိုက် (၄)လိုင်းဖြင့် ရေတင်အမြင့် ပေ(၂၀)သို့ ရေတင်ယူ၍ ပင်မမြောင်း ပေ(၄၀၀၀) နှင့် စုစုပေါင်း ပေ(၅၀၀၀)ကျော်ရှိ လက်တံမြောင်း (၂)ခုတို့မှ ရေပေးဝေလျက်ရှိရာ လက်ရှိတွင် စိစစ်ပြီးစိုက်ပျိုးမြေ ဧက(၇၀၀) ၌ တစ်နှစ်လျင် (၃)သီး စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ယခင်က လျှပ်စစ်ဓါတ်အားလိုင်းစနစ် နှင့် ဒီဇယ်ဂျင်နရေတာကို အသုံးပြုခဲ့ရပြီး ရေတော်မိုးတော် ဒေသတွင် မိုးစပါးနှင့် ဆောင်းပဲတီစိမ်းကိုလည်းကောင်း၊ ရေကြီးကွင်းတွင် ဆောင်းပဲတီစိမ်း နှင့် နွေစပါး ကိုလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ရာ ယခုအခါ စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်မည် ဖြစ်၍ သီးနှံ(၃)သီးစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သဘာဝရေအရင်းအမြစ်များကို စရိတ်သက်သာ စွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် အသုံးပြုလျက်ရှိနေသည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြု နိုင်ရေးဆောင်ရွက်လျက်ရှိရာ လက်ရှိဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေတင်စီမံကိန်း(၇)ခု၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး ရှိ ကျောင်းစုလျှပ်စစ် မြစ်ရေတင်စီမံကိန်း၊ မကွေးတိုင်းဒေသကြီးရှိ ကမ်းနီ နှင့် ကံမလေး လျှပ်စစ်မြစ်ရေတင် စီမံကိန်းများ၌ ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ လက်ပံခြေပေါ် နှင့် ငါ့သရောက်၊ စစ်ကိုင်းတိုင်းဒေသကြီး ရှိ ပျော့ရွာ အပိုင်း-၂(PS-II) ၊ အပိုင်း-၃(PS-III) နှင့် ကတ-၉၂ တို့ကို ဖေဖေါ်ဝါရီလတွင် လုပ်ငန်းများပြီးစီးမည်ဖြစ်ကြောင်း၊ အခြေအနေပေးသည့် ကျန်မြစ်ရေတင်စီမံကိန်းများတွင်လည်း ဆိုလာစနစ်ဖြင့် ပြောင်းလဲ အသုံးပြုနိုင်ရေးကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြို့ချောင်းကျေးရွာအနီး ရဲနွယ်ချောင်းပေါ်တွင် တည်ဆောက်ထားသော ရဲနွယ် ရေလှောင်တမံ၏ တမံကြံ့ခိုင်ရေး နှင့် သဘာဝဘေးကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
နှစ်စဉ် ပျမ်းမျှမိုးရေချိန်လက်မ(၁၁၀)ခန့် ရွာသွန်းသည့် ပဲခူးရိုးမတွင် မြစ်ဖျားခံသည့် ရဲနွယ်ချောင်းမှ ပြွန်တန်ဆာလွင်ပြင်အား မိုးအခါ ရေလွှမ်းခြင်းကို ကာကွယ်ရန် ၊ တစ်နှစ်ပတ်လုံး ရေအားလျှပ်စစ် ဓါတ်အားထုတ်ယူနိုင်ရန် နှင့် ရေသောက်စနစ်များ ပြီးစီးပါက လယ်မြေဧက (၆၂၀၀၀)အား စိုက်ပျိုးရေပေးဝေနိုင်ရန် တည်ဆောက်ခဲ့သော ရဲနွယ်ရေလှောင် တမံသည် ကန်ရေပြည့်သိုလှောင်ပမာဏ ဧကပေ(၉၃၀၀၀၀)ကျော်ရှိပြီး (၁၄)နှစ်ကာလ အတွင်း (၇)နှစ်မှာ ကန်ရေပြည့်ပမာဏထက်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျခဲ့ကြောင်း၊ မြန်မာနိုင်ငံ အောက်ပိုင်းတွင် ရေသိုလှောင်မှုပမာဏ အများဆုံးဖြစ်သည့် ရဲနွယ်ရေလှောင်တမံ အား အင်အားပြင်းငလျင် နှင့် သဘာဝဘေးဒဏ်များ ခံနိုင်ရေးအတွက် တမံကြံ့ခိုင်မှုအဆင့်မြှင့်တင် ခြင်းကို ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူများ၏ သုံးသပ်အကြံပြုချက်အရ ပြုပြင်မွမ်းမံလျက် ရှိရာ ယခုအခါ တမံအောက်ခြေကျောက်ကြီးထပ်ပိုးစီခြင်းလုပ်ငန်း ပြီးစီးတော့မည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို ဘဏ္ဍာနှစ် အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။