ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  ပဲခူတိုင်းအနောက်ခြမ်း နှင့် မကွေးတိုင်းဒေသကြီး တို့၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်


စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ခေတ်မီနည်း စနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းရာတွင် စက်မှုသီးနှံဖြစ်သည့် ဝါသီးနှံ သည်လည်း ကဏ္ဍတခုအဖြစ် ပါဝင်ကြောင်း ၊ ဝါစိုက်တောင် သူများ၏ ဝင်ငွေ တွက်ခြေကိုက်မှု ရှိစေရန် တစ်ဧက ပျမ်းမျှဝါပိဿာ(၅၀၀)နှင့်အထက် ထွက်ရှိရေး အတွက် ဒေသရာသီဥတုနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်ဝါမျိုးများ ၊ သွင်းအားစု နှင့် နည်းပညာများ ကူညီပေးရန် လိုအပ်ကြောင်း ဇန်နဝါရီလ(၉) ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ ၌ တာဝန်ရှိသူများနှင့်ဆွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝါသီးနှံမျိုးသန့်ခြံ ချည်မျှင်ရှည်ဝါကြိတ်ခွဲမှု နှင့် ဝါမျိုး‌ကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေများ၊ ဝါစိုက်ပျိုးထုတ်လုပ်မှု သုတေသနတွေ့ရှိချက်များအပေါ် တောင်သူများအား လက်တွေ့ပြသပြီး နည်းပညာပေး ဆောင်ရွက်နေမှု တို့ကိုကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်းတည်ဆောက်ရန်အတွက် မြေနေရာရွေးချယ်ထားသည့်  အောင်လံမြို့နယ် ဝါနှင့် လျှော်မျှင် ထွက်သီးနှံဌာနခွဲ ဝါသီးနှံမျိုးသန့်ခြံ အနောက်ဘက်ရှိ စက်ရုံ ရပ်ကွက်ကိုလည်းကောင်း၊ အင်းကုန်းကျေးရွာ မြေလွတ်မြေလပ်နေရာများကိုလည်းကောင်း၊ ကွမ်းကုန်း ကျေးရွာအုပ်စု မြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင် စီမံကိန်း သို့ ရောက်ရှိကြပြီး ရေတင်လုပ်ငန်းမှ လက်ရှိရေပေးဝေနေမှု အခြေအနေ၊ ပင်မ ရေပေးမြောင်း ပြုပြင်ရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ မြန်မာ့စီးပွားရေးဦးပိုင်လိမီတက်  ဒုရင်္ဂဗိုလ်သကြားစက်ရုံ နှင့် အမှတ်(၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး)တို့သို့ ရောက်ရှိကြပြီး လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး အတွက် လိုအပ်သော မြေယာအသုံးပြုခွင့်ရရှိရေး၊ စက်ရုံများစွမ်းအားပြည့်လယ်ပတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရှိ ကံမလေးလျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ရောက်ရှိကြပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်မြစ်ရေတင်ဆောင်ရွက်နေမှု နှင့် ရေပေးဝေနေမှု အခြေအနေများ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က မြစ်ရေတင်လုပ်ငန်းများတွင် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)နှင့် ရေအသုံးချသူများအသင်း  (Water User Association-WUA)များ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ရေး ၊ စိုက်ပျိုးရေအကျိုးရှိထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ရေပေးစနစ် နှင့် သီးနှံပုံစံများ ချမှတ်ပေးရန် လိုအပ်ချက်များကိုဆွေးနွေးမှာကြားသည်။

ကံမလေးလျှပ်စစ်မြစ်ရေတင်စီမံကိန်း သည် ဧရာဝတီမြစ်မှရေကို ရေတင်အမြင့် ပေ(၆၀)သို့ ရေတင်ယူ၍ (၁.၈၉)မိုင်အရှည်ရှိ လက်တံမြောင်း နှင့် လက်တံခွဲမြောင်းအရှည် (၃.၄၃)မိုင်  ရေပေးဝေ လျက်ရှိရာ လက်ရှိတွင် စိစစ်ပြီးစိုက်ပျိုးမြေ ဧက(၃၀၀) ၌ သီးနှံစိုက်စွမ်းအား အပြည့်အဝ စိုက်ပျိုး နိုင်မည်ဖြစ်သည်။ ယခင်က လျှပ်စစ်ဓါတ်အားလိုင်းစနစ် နှင့် ဒီဇယ်ဂျင်နရေတာကို အသုံးပြုခဲ့ရပြီး  ယခုအခါ ဒေသအတွက်ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်အသုံးပြုနိုင်သဖြင့် ဒေသနေပြည်သူများ ဝမ်းသာပျော်ရွှင် လျက်ရှိနေကြ ကြောင်း သတင်းရရှိသည်။