ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေး ဆိုင်ရာ ဗဟိုကော်မတီ ၏တတိယအကြိမ် အစည်အဝေး ကျင်းပ။

 

          အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေး ဗဟိုကော်မတီ ၏ တတိယအကြိမ် အစည်းအဝေးကို ဇန်နဝါရီလ(၈)ရက်နေ့ နေ့လယ်က နေပြည်တော် ရုံးအမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဗဟိုကော်မတီဝင်များစုံညီစွာ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

          အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က အမှာစကားပြောကြားရာတွင် အပင် မျိုးမွေးမြူသူများက လျှောက်ထားလာသည့် အပင်မျိုးသစ်များအား နည်းပညာ ကော်မတီ က စစ်ဆေးထားသည့် နည်းပညာရပ် ဆိုင်ရာအချက်အလက်များကို အခြေခံ၍ အပင်မျိုးမွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးအတွက် အမျိုးသားအပင်မျိုးသစ် အကာအကွယ် ပေးရေး ဆိုင်ရာဗဟိုကော်မတီ က စိစစ်ပြီး အသိအမှတ်ပြု လက်မှတ်များထုတ်ပေးလျက်ရှိကြောင်း၊ အပင် မျိုးသစ် အကာအကွယ် ပေးရေး ဥပဒေကို အပြည်ပြည်ဆိုင်ရာ အပင်မျိုးသစ် အကာအကွယ် ပေးရေးကွန်ဗန်းရှင်း က လက်ခံသည့် ဥပဒေတစ်ခုအနေဖြင့် ပြဌာန်းနိုင်ခဲ့ပြီးဖြစ်၍ လယ်ယာကဏ္ဍ ဆိုင်ရာ တီထွင်ထုတ်လုပ်သူများနှင့် ယင်းတို့၏ ထုတ်ကုန်များအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်ပေးနိုင်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကို အထောက်အကူ ဖြစ်စေရန် ဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်စေရေး ဆက်လက် ကြိုးပမ်းလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အမျိုးသားအပင်မျိုးသစ်အကာအကွယ်ပေးရေးဆိုင်ရာဗဟိုကော်မတီ အတွင်းရေးမှူး ဒေါက်တာနိုင်ကြည်ဝင်း က အပင်မျိုး မွေးမြူသူ၏ ရပိုင်ခွင့် အခွင့်အရေးရရှိရန် ကာကွယ်ခွင့် လျှောက်ထားလာသည့် အပင်မျိုးသစ်(၄)မျိုးနှင့်ပတ်သက်၍ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး စစ်ဆေးတွေ့ရှိချက်များအား တင်ပြဆွေးနွေးရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိသည်။