ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူများ အတွက် ထုတ်လုပ်မှုစရိတ် အနည်းဆုံး နှင့် အရည်အသွေးမြင့်မားသော ထုတ်ကုန်များ ဖြစ်စေရေး ဆောင်ရွက်ရန်လိုအပ်

ပြည်သူများ အစားအစာဖူလုံရေး နှင့် အာဟာရဓါတ်ပြည့်ဝရေး တို့ အတွက် သီးနှံ အမယ်စုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး နှင့် သားငါးကဏ္ဍတို့ ဟန်ချက်ညီဖွံ့ဖြိုးရန် လိုအပ်ကြောင်း ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ လိုက်လျောညီထွေသည့် စိုက်ပျိုး မွေးမြူရေး စနစ် ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်သည့်နည်းတူ သက်ဆိုင်ရာ ဒေသ၏ ထူးခြားသော ဝိသေသ လက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွားအခြေခံသော စီးပွားရေးဇုံများ ပေါ်ထွန်းလာရေး နှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းကြစေ လိုကြောင်း ဇန်နဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့ ရှိ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ခေမရဌ် ဧည့်ရိပ်သာ တွင် ပြည်နယ်နှင့် ခရိုင် အဆင့် လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပြည်နယ်နှင့် ခရိုင် အဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍ များ အလိုက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ပြန်လည်ဆွေးနွေး မှာကြားရာတွင် မိမိတို့တာဝန်ယူ ထားကြသည့် ဒေသရေမြေ၏ အခြေအနေ ပေးမှုကို အသုံးချပြီး တောင်သူများ အတွက် ထုတ်လုပ်မှု စရိတ် အနည်းဆုံး နှင့် အရည်အသွေးမြင့်မားသော ထုတ်ကုန်များ ဖြစ်စေရေး ဆောင်ရွက် ပေးကြ ရမှာ ဖြစ်ကြောင်း၊ တည်ဆဲ ဥပဒေများနှင့် အညီ တောင်သူများ မြေယာအသုံးပြုခွင့် ပိုင်ဆိုင်ခွင့်များ ရရှိရေး ၊ ထုတ်လုပ်မှုတိုးတက်ရေး ၊ သွင်းအားစုနှင့် လုပ်သားစရိတ် သက်သာစေရေး ၊ စက်မှု လယ်ယာ စနစ်အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်နှင့် ခေတ်မီ နည်းပညာ အသုံးချနိုင်ရေး တို့ အတွက် စီမံဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက် နေကြ သည့် နှီးနွယ်ဆက်စပ်ရာ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ နမူနာအားဖြင့် စိုက်ပျိုးနည်းပညာပေး သည့် စိုက်ကွင်းတွင် စက်မှုလယ်ယာစနစ်နှင့် ရေပေးဝေမှုစနစ်ကိုပါ ပေါင်းစပ် သရုပ်ပြ ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက် အကျိုးရှိမှာ ဖြစ် ကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် အဓိကလိုအပ်ချက်တစ်ခုဖြစ်သည့် တိရစ္ဆာန် အစာ စိုက်ပျိုး ထုတ်လုပ်ခြင်း  အတွက် ဌာနချင်း ပူးပေါင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ ထို့အတူ ကျွမ်းကျင်သော လူစွမ်းအား အရင်းအမြစ်များ တိုးပွားရေး အတွက် လိုအပ်သည့်သင်တန်းများ ဆောင်ရွက်ရန် နှင့် သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ ကို ထိရောက်စွာ အသုံးချဆောင်ရွက် ရန် လိုအပ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

နေ့လယ်ပိုင်းတွင်  ပြည်ထောင်စုဝန်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံမြို့ Jadae Akha ကုမ္ပဏီ ၏ ကော်ဖီ နှင့် လက်ဖက်ခြောက်လုပ်ငန်းဆောင်ရွက်နေမှု နှင့် ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးပြီး အထူးတန်းဝင်ကော်ဖီစိုက်ပျိုးရေး၊ ဝင်ငွေပိုမိုရရှိရန် တစ်ပိုင်တစ်နိုင် သိုး ဆိတ်မွေးမြူရေး လုပ်ငန်းတွဲဘက်လုပ်ကိုင်ရန် လိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြား သည်။

အလားတူ တာလေမြို့ ၊ နားယောင်းကျေးရွာအုပ်စု တောင်သူ ဦးကျာဟေး ၏ ဖြောင့်ဖြူးပျော်ရွှင်ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ သို့ သွားရောက် ကြပြီး စိုက်ပျိုးမြေဧက ၃၀၀ တွင် GAP ကျင့်စဉ်လိုက်နာကျင့်သုံး၍ ခေတ်မီရေအစက်ချစနစ်ဖြင့် ပျားလိမ္မော် အပင် ၆၀၀၀၀ ကျော် စိုက်ပျိုးလုပ်ကိုင်နေမှုကိုလည်းကောင်း၊  လိမ္မော်ပင်များအကြားတွင် တိရစ္ဆာန်အစာ နေပီယာမြက် စိုက်ပျိုးပြီး ဒေသမျိုး နွားကောင်ရေ (၃၀၀)ကျော် မွေးမြူကျွေးမွေး၍ နွားချေးကို သဘာဝမြေဩဇာအဖြစ်အသုံးပြုနေမှုကိုလည်းကောင်း ၊ အရည်အသွေး ကောင်း လိမ္မော်သီးများ စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်နှင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု တို့ကို လည်းကောင်း ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက တောင်သူများ လုပ်ငန်းရှင်များ ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေး အတွက် ဝန်ကြီးဌာန က ကူညီပံ့ပိုးပေးနေမှုများ ကိုဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး သည် ညနေပိုင်းတွင် တာချီလိတ်မြို့ ဇန်းမွန်းအာခါဟိုတယ် ဧည့်ခန်းမတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားတွေ့ဆုံ၍ ရှမ်းပြည်နယ် ၏ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်တားဆီးရေး ၊ ပြည်တွင်း၏ အသားစားသုံးမှုဖူလုံရေး နှင့် ပို့ကုန် တိုးတက်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်  ကိစ္စရပ်များ ၊ လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာပင် စိုက်ပျိုးကျွေးမွေးသည့် စနစ် ထွန်းကားလာစေရန် အသိပညာ နည်းပညာ ကူညီပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။