ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တောင်သူတစ်ဦးချင်းစိုက်ပျိုးထုတ်လုပ်ခြင်းထက် အရည်အသွေးကောင်း သီးနှံမျိုးကို တူညီစွာ စိုက်ပျိုးပြီး ဈေးကွက်သို့ စုပေါင်းတင်ပို့နိုင်ပါက ပိုမိုအကျိုးများမည်

 နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာမူဝါဒများနှင့်အညီ မိမိတို့ဝန်ကြီးဌာနက  လယ်ယာ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ကြသော တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရေး၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး အရည်အသွေးကောင်း သီးနှံမျိုးများ သုံးစွဲနိုင်ရေး နှင့် တန်ဖိုးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်း အကောင် အထည် ဖော်ဆောင်လျက် ရှိရာ စိုက်ပျိုး မွေးမြူရေး ဆိုင်ရာ သုတေသနနှင့် ပညာပေးလုပ်ငန်း သည် အရေးပါသော ကဏ္ဍတစ်ရပ်မှ ပါဝင်နေပါကြောင်း၊ ဒေသနှင့် ကိုက်ညီသောသီးနှံများ ရွေးချယ် စိုက်ပျိုး ထုတ်လုပ်ရေး တွင် စိုက်ပျိုးရေ ခြွေတာနိုင်ရေး မြေဆီလွှာထိန်းသိမ်းရေး ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းရေး စသည့်လုပ်ငန်းများတွင် စရိတ်သက်သာအကျိုးရှိ ထိရောက် သော နည်းပညာများ ရှာဖွေဖော်ထုတ် ဖြန့်ဖြူးပေးခြင်း လုပ်ငန်းများကို စိုက်ပျိုးပညာပေးစခန်းများ အနေဖြင့် အားစိုက် ဆောင်ရွက်ကြစေလိုကြောင်း ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့နယ် လွိုင်မွေခြံ စိုက်ပျိုးပညာပေးစခန်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှမ်းပြည်နယ် ၏ စိုက်ပျိုးမွေးမြူရေးအခြေခံသော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တွင် လိုအပ်ချက်များ ကူညီပံ့ပိုးပေးရန် ကျိုင်းတုံမြို့နယ် ၌ ရောက်ရှိနေစဉ် လွိုင်မွေကျေးရွာအုပ်စုရှိ ကော်ဖီ နှင့် လက်ဖက်စိုက်တောင်သူများနှင့် ခင်မင် ရင်းနှီးစွာ တွေ့ဆုံ၍ နိုင်ငံတကာဈေးကွက်၌ ထွက်ကုန်များ၏ အရည်အသွေးနှင့် အစားအစာ ဘေးကင်း လုံခြုံမှုကို အလေးထားလျက် ရှိနေမှုအပေါ် စိုက်ပျိုးထုတ်လုပ်မှုအပိုင်းတွင် ခေတ်မီ နည်းပညာများ အသုံးပြုရန်လိုအပ်ကြောင်း၊ တောင်သူတစ်ဦးချင်းစိုက်ပျိုးထုတ်လုပ်ခြင်းထက် အရည်အသွေးကောင်း သီးနှံမျိုးကို တူညီစွာ စိုက်ပျိုးပြီး ဈေးကွက်သို့ စုပေါင်းတင်ပို့နိုင်ပါက ပိုမိုအကျိုးများနိုင်မည်ဖြစ်၍  နည်းပညာနှင့် လိုအပ်ချက်များကို မိမိတို့ဝန်ကြီး ဌာန က ကူညီပံ့ပေးသွားမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့ပုံစံဖြင့်ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်မည် ဖြစ်သဖြင့် သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်နိုင်ရေးကိုလည်း အောင်မြင်စွာဆောင်ရွက် လျက်ရှိသော လယ်ယာကုန်ထုတ် သမဝါယမအသင်းများ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က တောင်သူများအား မျိုးကောင်းမျိုးသန့် ကော်ဖီ ၊ လက်ဖက် မျိုးစေ့ ပျိုးပင်များ နှင့် သွင်းအားစုများ ကိုပေးအပ်ပြီး နှစ်(၁၀၀)သက်တမ်းရှိ လက်ဖက်ပင်ကို ကြည့်ရှုလေ့လာခဲ့သည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေးစခန်း(ကျိုင်းတုံ)သို့ သွားရောက်ပြီး ဒေသ၏ တိရစ္ဆာန်ရောဂါ ထိန်းချုပ်ရေး ဆိုင်ရာဓါတ်ခွဲခန်း လုပ်ငန်းများဖြစ်သော ကပ်ပါးရောဂါ ဘက်တီးရီးယားရောဂါ စစ်ဆေးခြင်း လုပ်ငန်းများ၊ သွေးရည်ကြည် စစ်ဆေးခြင်းလုပ်ငန်းများ နှင့် ရောဂါခွဲစိတ်စစ်ဆေးခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က မွေးမြူရေးလုပ်ငန်းများ အဓိကကြုံတွေ့တတ်သည့် တိရစ္ဆာန်ကူးစက်ရောဂါများ တားဆီးကာကွယ်ရေး နှင့် ဓါတ်ခွဲခန်း အဆင့်မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

         ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံသို့ ရောက်ရှိကြပြီး ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သော  လယ်နှင့် ယာစပါးမျိုးများ၊ ပဲပုပ်၊ ပြောင်းသီးနှံမျိုးများဆိုင်ရာ သုတေသန လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး သုတေသနဆောင်ရွက်ပြီးဖြစ်သည့် မျိုးများကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူ့ လက်ဝယ်အရောက် ဖြန့်ဝေပေးရန် ၊ တောင်သူအတွက်အကျိုးရှိမည့် မျိုး ၊ စိုက်စနစ် နှင့် နည်းပညာများ ဖော်ထုတ်ဖြန့်ဖြူးပေးရန်၊ မြေဆီဩဇာ ထက်သန်မှု ဖြစ်စေမည့် အလှည့်ကျ သီးနှံ ပြောင်းလဲ စိုက်ပျိုးနိုင်စေရေး သီးနှံပုံစံ စံပြကွက်များကို အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တို့ကို ပြည်ထောင်စုဝန်ကြီး က တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အရှေ့မဲခေါင် ပုဂ္ဂလိက ဝက်မွေးမြူရေး ခြံ ၏ အသားတိုးဝက် မွေးမြူလုပ်ကိုင် နေမှု ကိုကြည့်ရှုအားပေးပြီး ခေတ်မီ သားသတ်ရုံ တည်ဆောက်ရေး၊ ဝက်သားပေါက်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး နှင့် မြေနေရာအသုံးပြုခွင့်ရရှိရေးဆိုင်ရာများကို ဆွေးနွေးညှိနှိုင်း ကူညီမှု ပေးခဲ့သည်။ ဆက်လက်၍  တောင်သူ ဦးထွန်းနေဦး ၏ ရော်ဘာခြံတွင် စိုက်ပျိုးရေးဦးစီးဌာန က မိုးကာအစေးလှီးစနစ်စံပြကွက်အဖြစ် တောင်သူပညာပေး လုပ်ငန်း ဆောင်ရွက် နေမှု များကို ကြည့်ရှု စစ်ဆေး အားပေးခဲ့ကြောင်း သတင်းရရှိသည်။