စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ အပါအဝင် ရောဂါဘယများ တားဆီးကာကွယ်ရေး အတွက် ကိုယ်စိတ်နှလုံး သုံးပါးကို ပျော်ရွှင်လန်းဆန်းစေပြီး ခွန်အားဗလကို ကြံ့ခိုင်၊ ဖွံ့ဖြိုးစေရန်အတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပလျက်ရှိပြီး ပထမအကြိမ် ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၇)ရက်နေ့က ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြပြီး ဒုတိယဝန်ကြီးမှ ဘိလိယက်ထိုးဖွင့်လှစ်ပေး ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာလက်ရွေးစင်ကစားသမားများ၏ သရုပ်ပြကစားခြင်းအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲအား ဇန်နဝါရီလ(၇)ရက်မှ (၁၁)ရက်နေ့အထိ (၅)ရက်ကြာကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။