ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

ခေတ်မီဒီဂျစ်တယ်နည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖြင့် လယ်ယာကဏ္ဍ ၏ ကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်ရန် လယ်ယာ ကဏ္ဍ အဆင့်-၄ (Agriculture 4.0) ကို လက်တွေ့ ပြောင်းလဲအကောင်အထည်ဖော်နိုင်ရေး၊ ပြည်သူများအား မိမိဝန်ကြီးဌာနက ဝန်ဆောင်မှု ပေးလျက်ရှိနေသည့် လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး တို့အတွက် သတင်း အချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ ICT ကို ယခုထက်ပိုမို ကျယ်ပြန့်စွာ သုံးစွဲရန် လိုအပ်ကြောင်း၊ ဇန်နဝါရီလ(၅)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ ကျင်းပပြုလုပ် သည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ကပြောကြားသည်။

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြန်အလှန် ဆက်စပ်လျက်ရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များမှ တာဝန်ရှိသူများအကြား လုပ်ငန်းနယ်ပယ် အလိုက် အမြင်ချင်း ဖလှယ်ဆွေးနွေးခြင်းဖြင့် ခေတ်မီဒီဂျစ်တယ်နည်းပညာ လုပ်ငန်း စဉ်များ ချမှတ် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ပြီး ကဏ္ဍအလိုက် ခေါင်းစဉ်များ သတ်မှတ်၍ လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့တိုင်း စကားဝိုင်း အစီအစဉ်ကျင်းပခဲ့ရာ  ပဉ္စမအကြိမ်အဖြစ် ယနေ့ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲကို “သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT ကို လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်သည်။

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပပြုလုပ်သည့် အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ မှ ညွှန်ကြားရေး မှူးချုပ်များ ၊ ပါမောက္ခချုပ်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်များ မှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။

စားနပ်ရိက္ခာဖူလုံရေး နှင့် အစားအစာ ဘေးကင်း လုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ မျိုးစေ့ နှင့်စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာများ၊ နည်းပညာနှင့်ဈေးကွက် သတင်း အချက် အလက် ဆိုင်ရာများ ၊ လယ်ယာမြေ စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်းများ၊ တိရစ္ဆာန် ကူးစက်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ နှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ လုပ်ငန်းများ၊ တရားမဝင်ငါးဖမ်းဆီးမှု တားဆီး ကာကွယ်တိုက်ဖျက်ရေး၊ အဏ္ဏဝါ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် ငါးလုပ်ငန်းစီမံခန့်ခွဲမှုများကို အထောက်အကူ ပြုနိုင်မည့် ပင်လယ်ပြင် ဆိုင်ရာလေ့လာမှုများ ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အကျိုး သက်ရောက်မှုများ ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကွင်းဆက်တစ်လျှောက် ပါဝင်နေသူများထံ နည်းပညာ လွှဲပြောင်းပေးရေးလုပ်ငန်းများနှင့် တက္ကသိုလ်များ၏ သင်ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်းများ စသည့် လုပ်ငန်း နယ်ပယ် အရပ်ရပ်တွင် ICT နည်းပညာကို အသုံးချ လျက်ရှိသကဲ့သို့ အနာဂတ် ကာလတွင် ပိုမိုအဆင့်မြင့်သော အင်တာနက်ဆိုင်ရာ နည်းပညာများ(Internet of things) အသုံးချနိုင်ရေး အတွက် လိုအပ်သော အခြေခံ အဆောက် အအုံ ပစ္စည်းကိရိယာများနှင့် ကျွမ်းကျင်သော ICT ပညာရှင် လူသား အရင်းအမြစ်များ ဖြည့်ဆည်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန က ကြိုးပမ်းလျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပြောင်းလဲလာသည့် နေ့စဉ်လူနေမှုဘဝပုံစံသစ် နှင့် ရာသီဥတုပြောင်းလဲမှုများကြောင့် ICT  နည်းပညာသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသကဲ့သို့ လယ်ယာကုန်ထုတ်လုပ်မှု ကွင်းဆက် တစ်လျောက် ခေတ်မီဖွံ့ဖြိုးတိုးတက် လာစေရေး အတွက်လည်း ဒီဂျစ်တယ်နည်းပညာကို ပိုမိုတွင်ကျယ် ထိရောက်စွာအသုံးချရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ၊ တောင်သူ လယ်သမားများ အနေဖြင့်လည်း မိုဘိုင်းဖုန်းသုံးစွဲမှု တွင်ကျယ်လာလျက်ရှိရာ ဆက်သွယ်ရေး နည်းပညာ အခြေခံ သည့် တောင်သူပညာပေးလုပ်ငန်း တိုးချဲ့ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။