စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြာင်းဝန်ကြီးဌာန နိုင်ငံဝန်ထမ်းများ ၏ ကိုယ်လက် ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ပင်ပန်းမှုများဖြေလျှော့နိုင်ရေး၊ ဦးစီးဌာနများရှိ ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှုတိုးပွားလာရေး၊ ရွက်ပုန်းသီးထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေး တို့အတွက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိရာ ပထမအကြိမ် ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၂၈)ရက်နေ့က နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ၊ အရာထမ်း အမှုထမ်းများ နှင့် ဘောလုံးအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကစားကြမည့် နိုင်ငံ့ဝန်ထမ်းအားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပထမပွဲစဉ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန နှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန တို့ ယှဉ်ပြိုင်ကြရာ ဒုတိယဝန်ကြီး က စပေးဘောလုံးကိုကန်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၂၈)ရက်နေ့မှ ဇန်နဝါရီလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဦးစီးဌာန ကိုယ်စားပြုအသင်းများက အုပ်စုအလိုက်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ထူးချွန်မှုများအလိုက် ဆုများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။