ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

              နိုင်ငံ၏အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်စပါးဖူလုံရေး၊ ဒေသအတွင်း သီးနှံ ထုတ်လုပ်မှု မြင့်မားရေး နှင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားဖွံ့ဖြိုးမှု တိုးတက်လာရေး အတွက် လယ်ယာမြေများအား တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်လျက်ရှိသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဒီဇင်ဘာလ (၂၈)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင်  ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပ ပြုလုပ်ရာ  အခမ်းအနားသို့ အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

              နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ကျင်းပ သည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ၂၀၂၀ ခုနှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ လယ်ယာမြေနည်းဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးနိုင်ရန် ကိစ္စရပ်၊ နိုင်ငံတော်၏ စီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် သက်ဆိုင်ရာ ဘဏ္ဍာနှစ် အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့် ကိစ္စရပ်များ၊ သာသနာရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် တင်ပြလာသည့် ကိစ္စရပ်များ၊ လယ်မြေကို သီးနှံပြောင်းလဲစိုက်ပျိုးခွင့်ပြုပါရန် တင်ပြလာသော ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ရမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့် လျှောက်ထား လာသော ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ စိစစ်တင်ပြ လာသော ကိစ္စရပ်များ အား ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။