ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

တန်ဖိုးမြှင့် ကုန်ချောများ ထုတ်လုပ်ရောင်းချနိုင်ရေး နှင့် လယ်ယာကဏ္ဍကြီးတစ်ခုလုံး အရှိန်အဟုန် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာရေး ကြိုးပမ်းကြစေလို

အာဟာရပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အရည်အသွေးကောင်း လယ်ယာ သားငါးထွက်ကုန်များ ထွက်ရှိရေး၊ လေလွင့်ပြုန်းတီးမှုများ လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှု နှင့် လိုက်လျောညီထွေရှိပြီး ရေရှည်တည်တံ့သည့် မျိုး ၊ နည်းစနစ်များ အသုံးချရေး၊ စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ ထိုက်သင့်သည့် ဝင်ငွေရရှိရေး တို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ကြိုးပမ်း ဆောင်ရွက်လျက်ရှိနေသကဲ့သို့ ရင်းနှီးမြုပ်နှံမှု စွမ်းအား ရှိသည့် လုပ်ငန်းရှင်ကြီးများ အနေဖြင့်လည်း ကုန်ကြမ်းများထုတ်လုပ်တင်ပို့ခြင်းမှ တန်ဖိုးမြှင့် ကုန်ချောများအဖြစ် တိုးတက် ထုတ်လုပ်ရောင်းချနိုင်ရေး၊ လုပ်ကွက်ငယ် တောင်သူများအား လက်တွဲခေါ်ယူ၍ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင် းဖြင့် လယ်ယာကဏ္ဍကြီးတစ်ခုလုံး အရှိန်အဟုန် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာရေး တို့အတွက် တက်ညီလက်ညီ ကြိုးပမ်း ပေးကြစေ လိုကြောင်းဖြင့် ဒီဇင်ဘာလ (၂၅)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ရှိ ပုဂ္ဂလိက နို့စားနွား မွေးမြူ ရေးလုပ်ငန်း၏ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုများအား ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှ ငါးလုပ်ငန်းစခန်း ၏ ရေချိုငါးမျိုးများ ဆေးထိုးသားဖေါက်မွေးမြူထားရှိမှုနှင့် ကောင်းမွန် သည့် ငါးမွေးမြူရေး ကျင့်စဉ်(GAqP) ငါးမွေးမြူရေး ကန်များကို လည်းကောင်း၊ သဘာဝနည်း ဆေးထိုး သားဖေါက်နည်း တို့ဖြင့် ငါးသားဖောက်ခြင်းလုပ်ငန်းများ နှင့် ငါးမွေး တောင်သူများအား ငါးမျိုးဖြန့်ဝေပေးနေမှု လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  ငါးမွေးမြူရေး ပညာပေးသင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်၊ ငါးမွေး တောင်သူများအတွက် မျိုးကောင်း၊ မျိုးသန့် ငါးသားပေါက်များ ဖြန့်ဝေပေးရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ်၊ ဝါးတောကျေးရွာ တောင်သူဦးလှဝင်း၏ လယ်မြေ၌ မျိုးစေ့ထုတ် နွေစပါးစိုက်ပျိုးရန် ဘောင်စနစ်ဖြင့် ပျိုးထောင်နေမှုများကို ကြည့်ရှု့အားပေးပြီး ခေတ်မီစိုက်ပျိုးနည်းစနစ်များ ကျယ်ကျယ် ပြန့်ပြန့် လိုက်နာကျင့်သုံးစေရေးအတွက် အသိပညာ နည်းပညာဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေး၊ တောင်သူများပိုမို စိတ်ဝင်စားစေမည့် သရုပ်ပြပွဲများ နှင့် ဆွေးနွေးပွဲများ ဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိ သူများအား ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ ပဲရုံဆိပ်ကျေးရွာရှိ ပုဂ္ဂလိက နို့စားနွားမွေးမြူရေးခြံ ၏ နို့စားနွားများ မွေးမြူသည် မှ နို့နှင့် နို့ထွက်ပစ္စည်း ကုန်ချော ထုတ်လုပ်နေမှု့ အဆင့်ဆင့်ကိုလည်းကောင်း၊ ပန်းတနော်မြို့နယ်၊ မိုးကုတ် ဒီးဒုတ် ရေနက်ကွင်း တွင် ဆောင်ရွက်နေသည့် အသားတိုး ငါးဒန်သားပေါက် မွေးမြူရေး အစာထုတ်လုပ်ခြင်း၊ ငါးအသားလွှာ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံသို့ ရောက်ရှိကြပြီး တမံအတွင်း ကန်ရေပြည့် သိုလှောင်ထားရှိမှု နှင့် ရေအသုံးချသူများအဖွဲ့ (WUG)များ ဖွဲ့စည်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။ ပင်မတမံအလျား (၃၇၅၀)ပေ၊ တမံအမြင့်(၁၉၄)ပေရှိ မြေသားတမံ အမျိုးအစား ဖြစ်သည့်  ကညင်ရေလှောင်တမံသည် စိစစ်ပြီး စိုက်ပျိုးဧရိယာ(၁၈၄၆၂)ဧက ကို အကျိုးပြု လျက်ရှိသည်။

ထို့နောက် ဟင်္သာတမြို့ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု့ စီမံခန့်ခွဲရေးဦးစီးဌာန ပြတိုက် တွင် ဟင်္သာတခရိုင်အတွင်းရှိ တာတမံများပြ ပုံစံငယ်ကိုလည်းကောင်း၊ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နှစ်စဉ်မြစ်ရေကြီးမှု ကာကွယ်နေရေး မှတ်တမ်းဓါတ်ပုံများ ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဟင်္သာတ ခရိုင် အတွင်း နှစ်စဉ် မိုးရာသီ ရေကြီးချိန်များတွင် ကြုံတွေ့ရသည့် မြစ်ရေကြီးမှုအခြေအနေ ကမ်းပတ်တာများ ကြံ့ခိုင်မှုအခြေအနေ၊ ရေတိုက်စားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

၎င်းမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇလွန်မြို့နယ် မေရီလန်းကျေးရွာရှိ တောင်သူဦးမြင့်ဦး ၏ ပဲတီစိမ်းမျိုးစေ့ထုတ်စိုက်ခင်း၊ တောင်သူဦးမြသာ၏ ပဲတီစိမ်း၊ ပိုက်ဆံလျှော် သီးညှပ်စိုက်ခင်း နှင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်တောင်သူပညာပေး စံပြစိုက်ခင်းများကိုလည်းကောင်း၊ ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာ တောင်သူ ဦးသောင်းထွန်း ၏ စီးပွားဖြစ် သင်္ဘောသီး စိုက်ခင်းကိုလည်းကောင်း ကြည့်ရှု အားပေးပြီး တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ ဈေးကွက်နှင့် အချိတ်အဆက်မိမိ ဆောင်ရွက်ရေး လိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။