ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖွံ့ဖြိုးရေး ကြိုးပမ်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ် တောင်ဆက်အင်းကျေးရွာအနီးရှိ ဝါးကတုတ်ရေလှောင်တမံ တွင် ရေပေါ်လှောင်အိမ်စနစ်ဖြင့် မွေးမြူထားသော ငါးခုံးမကြီး ၊ တီလားပီးယား နှင့် ရေချိုငါး မွေးမြူရေး လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးကြပြီး ရေပေါ်လှောင်အိမ် ငါးမွေးကန်အတွင်း ငါးသားပေါက်များ ထည့်သွင်းပေးကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍  အမှာစကား ပြောကြားရာတွင် ပြည်သူများ အတွက် ငါးစားသုံးမှု တိုးတက်စေရေး၊ အာဟာရ ပြည့်ဝသော ငါးဟင်းကို ပေါပေါများများစားသုံးနိုင်ကြစေရေး၊ ငါးသယံဇာတများ ကို အခြေခံ သည့် အလုပ်အကိုင် အခွင့်အလမ်း နှင့် ဝင်ငွေရရှိရေး တို့အတွက် သဘာဝ မြစ်ချောင်းများ နှင့် ဆည်၊ ကန်များ အတွင်း သို့ နှစ်စဉ် ငါးသားပေါက်များ မျိုးစိုက် ထည့်ပေးလျက်ရှိရာ ယခုနှစ်တွင် ရှင်သန်နှုန်းပိုမိုအား ကောင်းမွန်သည့်(၂)လက်မ အရွယ် ငါးသားပေါက်ကောင်ရေ သိန်းတစ်ထောင်ကျော် ငါးမျိုးစိုက် ထည့်ပေးနိုင်ခဲ့သဖြင့် မူလ လျာထားချက်ထက် ကျော်လွန် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ၌ ငါး ပုစွန် ကဏန်းမွေးကန် ဧကပေါင်း ငါးသိန်းခန့် လုပ်ကိုင်ဆောင်ရွက် နေသော်လည်း ပြည်တွင်း စားသုံးမှု ဖူလုံရေး ၊ ပို့ကုန် တိုးမြှင့်ရေး နှင့် ရေရှည်တည်တံ့သော ထုတ်လုပ်မှုဖြစ်စေရေး အတွက် မွေးမြူ ထုတ်လုပ်မှု တိုးချဲ့ရေး၊ ကောင်းမွန်သော ငါးမွေးမြူရေး စနစ် GAqP (ဂျီအေကျူပီ) လိုက်နာ ကျင့်ကျင့်သုံးမှု တိုးပွားလာရေးကို အားပေးဆောင်ရွက်လျက် ရှိကြောင်း၊ အကန့်အသတ်များ ရှိနေပြီး အရင်းအနှီး စရိတ်များပြားသည့် ငါးကန်များ တူးဖော် လုပ်ကိုင်ခြင်းအစား အခြေအနေ ပေး သည့် သဘာဝရေပြင်ကျယ်များ တွင် ရေပေါ် လှောင်အိမ် စနစ်ဖြင့် ရေချို ငါး ပုစွန် မွေးမြူ လုပ်ကိုင်နိုင်ရန် ပညာပေးဆောင်ရွက်လျက်ရှိပြီး ဒေသခံများ ဦးစားပေးလုပ်ကိုင် နိုင်ရေး၊ လုပ်ငန်းရှင်များ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ရေး တို့ကိုလည်း စနစ်တကျ စီမံဆောင်ရွက် ပေးလျက် ရှိရာ သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်း ဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှော်ကား ငါးလုပ်ငန်း စခန်း သို့ ရောက်ရှိကြပြီး (GAqP) စနစ် ငါးမွေးမြူရေးကန် တည်ဆောက်မည့်  အခြေအနေ နှင့် ဒေသနှင့် ကိုက်ညီသည့် ပြည်တွင်း၊ ပြည်ပငါးမျိုးသစ်များ သားဖောက် ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ရှားပါး လာသည့် တိုင်းရင်းငါးမျိုးစိတ်များ သုတေသနပြု ဖေါ်ထုတ်၍ သားဖောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ၊ ရေငန်ငါးနမူနာရုပ်ကြွင်းပြခန်း ၊ ဝေလငါးပြာ အရိုးစုနှင့် ရေချိုငါးနမူနာ ရုပ်ကြွင်း ပြခန်းများ ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီး က ငါးသားပေါက်များ နှင့် မွေးမြူနည်း စနစ်များကို ငါးမွေးတောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူး ပေးရန် လိုအပ်ချက် များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ ကျောင်း ၏ စာသင်ခန်းများ ၊ ဓါတ်ခွဲခန်းများ၊ အိပ်ဆောင်များ နှင့် စားရိပ်သာများ တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ကျောင်းဖွင့်ရာသီအမှီ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရေး နည်းလမ်းများနှင့်အညီ သင်ကြား ပို့ချပေးနိုင်ရေး၊ ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာရပ်ဖွံ့ဖြိုးရေး၊ ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်နှင့် ဝင်ငွေတိုးတက်ရရှိကြပြီး လူနေမှု အဆင့် အတန်း မြင့်မားရေး ကို ရေလုပ်ငန်းကဏ္ဍမှ အကျိုးပြုနိုင်ရေး ဆိုင်ရာများကို တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။

ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် (၉)မိုင်ရှိ ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန၊ တည်ဆောက်ရေး(၉) အစည်းအဝေးခန်းမတွင် တိုင်းအဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်က ချမှတ်ထားသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ အပေါ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ နှင့် ပတ်သက် ၍ ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။