ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ (၂၂)ရက်နေ့ က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း (AERDTC) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဦးစီးဌာနများ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအောက်ရှိ နိုင်ငံဝန်ထမ်း အားကစားမောင်မယ်များ တက်ရောက် ကြသည်။

             ကိုယ်လက်လှုပ်ရှားအားကစားနည်းများ တွင် ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်ပြီး ကိုယ်စိတ်အပန်းပြေစေရန် နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေး တွင် ဆက်စပ်နေသည့် ဌာနများအချင်းချင်း ဝန်ထမ်းများအချင်းချင်းကြားတွင် ခင်မင် ရင်းနှီးမှုများ ဖြစ်ပေါ်လာရေး တို့ကို ရည်ရွယ်ကျင်းပသည့် ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ (၂၀)ရက်နေ့ မှ (၂၂)ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲများတွင် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများက အကဲဖြတ်အမှတ်ပေးခဲ့ကြခြင်း ဖြစ်သည်။

ဆုချီးမြှင့်ပွဲ အခမ်းအနား တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တံခွန်စိုက်ဆု၊ အမျိုးသားတစ်ဦးချင်းဆုများ၊ အမျိုးသမီး တစ်ဦးချင်း ဆုများ နှင့် နှစ်ယောက်တွဲဆုများကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြရာ ဆုရ အားကစား မောင်မယ်များ က ဆုအမျိုးအစားများအလိုက် လက်ခံရယူခဲ့ကြကြောင်း၊ တံခွန်စိုက်ဆုကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ဆွတ်ခူးရရှိခဲ့ကြောင်း သတင်း ရရှိသည်။