ရေလုပ်ငန်းကဏ္ဍသည် လူတန်းစားအလွှာအသီးသီး၏ စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝရေး၊ အလုပ်အကိုင်နှင့်ဝင်ငွေရရှိရေးကိုများစွာ အထောက်အကူပြုလျက်ရှိကြောင်း၊ မြန်မာ့ရေသယံဇာတများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေး နှင့် ရေရှည်အကျိုးရှိစွာ သုံးစွဲနိုင်ရေး အတွက် ပင်လယ်ရေပြင်သယံဇာတများ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး Blue Ocean Economy စံနှုန်းများ လိုက်နာဆောင်ရွက်ရေး အသိပညာနှင့် နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တည်ဆဲ ဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြပ်မတ်ခြင်း လုပ်ငန်းများ ကို တိတိကျကျ ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ ရေလုပ်သားများ အတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု ၊ ဘေးကင်းလုံခြုံမှု နှင့် သက်သာခွင့်များ ရှာဖွေဖြည့်ဆည်း ပေးခြင်း၊ ဝန်ထမ်းနှင့်ပြည်သူဆက်ဆံမှု တိုးတက်ကောင်းမွန်ရေး တို့ကို ဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၊ ဒီဇင်ဘာလ(၂၂)ရက် က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရေလုပ်ငန်း ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ ညွှန်ကြားရေးမှူးချုပ်များ ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူးများက အွန်လိုင်းစနစ်ဖြင့်ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က ရေလုပ်ငန်းဆိုင်ရာ သုတေသနများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေး၊ အသုံးချ သုတေသနကဏ္ဍ တွင် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသရင်းငါးမျိုးစိတ်များ သားဖောက် အသားတိုးမွေးမြူရန် အလားအလာ ရှိသည့် ရေချို ရေငန် ငါး ပုစွန် မျိုးစိတ်များအား စူးစမ်း လေ့လာခြင်း၊ သုတေသနပြု စမ်းသပ်သားဖောက် မွေးမြူခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်ရေး၊ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးရေး အတွက် ငါးလုပ်ငန်း တက္ကသိုလ် ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေး ဝမ်းကျောင်းပညာ သင်တန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ စွမ်းဆောင်ရည် ပြည့်ဝသော လူသား အရင်းအမြစ်ဖွံ့ဖြိုးရေး အပေါ် အစဉ်တစ်စိုက်ဂရုပြု ဆောင်ရွက်ရန်၊ ရေလုပ်ငန်းဆိုင်ရာ မူဝါဒများ စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ရန် အရေးပါသည့် စာရင်းဇယား ကိန်းဂဏန်းများ တိကျမှန်ကန်ရေး အတွက် လိုအပ်သည့် စာရင်း ကောက်ယူ ပြုစုတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အစား အစာဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ ဆိုင်ရာ စစ်ဆေး ကြပ်မတ် ရာတွင် အဂတိကင်းစွာဖြင့် ပညာရှင်ပီသစွာ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က တိုင်းဒေသကြီး ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန များ၏ ဘဏ္ဍာရေးနှစ် အလိုက် စီမံကိန်းများ ၊ လုပ်ငန်းများတွင် ဖြည့်စွက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်းပြုန်းတီးမှုလျော့နည်းသက်သာရေး နှင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်ပြည့်ဝရေး ဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင် က ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ပြီးစီးမှု နှင့် လုပ်ငန်းသုံးသပ်ချက်များကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။
စားနပ်ရိက္ခာဖူလုံရေး ၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အာဟာရဖွံ့ဖြိုးရေး၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရေလုပ်ငန်းကဏ္ဍသည်လည်း အရေး ပါသည့် အခန်းကဏ္ဍမှပါဝင်နေလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်းများအရ တစ်မျိုးသားလုံး ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP)တွင် ငါးကဏ္ဍ ထုတ်လုပ်မှုအနေဖြင့် (၄.၇%) ပါ၀င်နေကြောင်း ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တွင် ငါးလုပ်ငန်းမှ နိုင်ငံတော်အတွက် အခွန်ငွေ ကျပ်(၆)ဘီလီယံ ကျော်ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၆ သန်းကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ် ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ကို ရရှိနေကြောင်း ၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးကဏ္ဍ တစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်စေရေး ၊ ငါးရိက္ခာများကို သားစဉ်မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေးတို့ အတွက် သက်ဆိုင်ရာလုပ်ငန်းရပ်များ အလိုက် ဥပဒေများ ပြဌာန်း၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း ၊ အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီမှုများ၊ လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ တစ်နိုင် တစ်ပိုင် မှ စီးပွားရေးအရ အမြောက်အများထုတ်လုပ်ခြင်းအထိ ပုဂ္ဂလိကပိုင်းမှ တိုးချဲ့ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်ကြစေရန် အားပေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝ ရေမြေနှင့် ကိုက်ညီစွာ မွေးမြူနိုင်သော (Genetically Improved Farmed Tilapia- GIFT Tilapia) မျိုးစိတ်များ တင်သွင်းပြီး ဌာနစခန်းများတွင် မျိုးပွားဖြန့်ဖြူးပေးခြင်း၊ စီးပွားဖြစ်မွေးမြူရန် အလားအလာရှိသော ဒေသတွင်း ရေချိုငါးမျိုးစိတ်များကို သုတေသနပြု စမ်းသပ်သားဖောက်ခြင်း၊ အမြောက်အမြား မွေးမြူထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက် ပေးခြင်းကြောင့် ယခုအခါ စျေးကွက်၀င် ငါးမျိုးစိတ်(၂၁)မျိုး အောင်မြင်စွာ သားဖောက် ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် အသားတိုး မွေးမြူခြင်း မှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန်တိုးမြှင့်ရေး ကိုပါ အကျိုးပြုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။