ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲကျင်းပ

 

             စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဒီဇင်ဘာလ (၂၀) ရက်နေ့ က နေပြည်တော် ဇေယျာသီရိမြို့နယ် ရှိ စိုက်ပျိုးပညာပေးရေး နှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်း (AERDTC) ၌ ကျင်းပပြုလုပ်ရာ အခမ်းအနား တွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများ တက္ကသိုလ်များ မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ပါမောက္ခချုပ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဝန်ကြီးဌာန အောက်ရှိ နိုင်ငံဝန်ထမ်း အားကစားမောင်မယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာ၌ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉ အပါအဝင် ရောဂါဘယများ တားဆီးကာကွယ်ရေး အတွက် ကိုယ်ခံအား မြှင့်တင်ပေးရန် အာဟာရမျှတစွာ စားသုံးရေး နှင့် ကိုယ်လက် လှုပ်ရှား အားကစား ဆောင်ရွက် ရေးသည် လိုအပ်ပါကြောင်း၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူမှုဆက်ဆံရေး နယ်ပယ်လည်း ပိုမိုကျယ်ပြန့်လာမည်ဖြစ်ရာ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး တွင် ဆက်စပ်နေသည့် ဌာနများ အချင်းချင်း ဝန်ထမ်းများ အချင်းချင်း ကြားတွင် ခင်မင် ရင်းနှီးမှုများ ဖြစ်ပေါ်လာပြီး လုပ်ငန်းများ ပိုမိုသွက်လက်စွာ ဆောင်ရွက်လာနိုင်ကြမည် ဖြစ်ကြောင်း၊ သို့ဖြစ်ရာ နေ့စဉ်ရုံးလုပ်ငန်းလုပ်ကိုင် နေကြသည့် နိုင်ငံ ဝန်ထမ်းများ အနေဖြင့် မိမိဝါသနာပါသည့် ကျန်းမာရေး အထောက် အကူပြု အားကစား တွင် ပါဝင် ဆောင်ရွက်နိုင်ကြစေရန် အားကစားနည်းများအလိုက် ပြိုင်ပွဲများကျင်းပ ပေးနေခြင်း ဖြစ်ကြောင်း၊ အနိုင် အရှုံးကို ပဓါနမထားပဲ ကျန်းမာရေး အသိဖြင့် ပါဝင် ယှဉ်ပြိုင် ကြစေ လိုကြောင်း၊ ထူးချွန်သည့် ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက် လာပါကလည်း မိမိဝန်ကြီးဌာနကိုယ်စားပြု လက်ရွေးစင် အားကစားသမားများအဖြစ် ဆက်လက်ကြိုးစား နိုင်ရန် ချီးမြှင့်ထောက်ပံ့ ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင် တင်းနစ် အားကစား ပြိုင်ပွဲ ကို ကျင်းပ ပြုလုပ်ရာ ဦးစီးဌာနများ နှင့် တက္ကသိုလ်များ ၏ ကိုယ်စားပြု အားကစား အသင်းများ ပါဝင် ယှဉ်ပြိုင် ကစားကြကြောင်း သတင်းရရှိသည်။