မြို့ပြနှင့်ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး အတွက် မိမိတို့ဝန်ကြီးဌာန က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများတွင် တောင်သူများ နှင့် မြေယာမဲ့များ အားလုံးအတွက် အရင်း အနှီးစရိတ် နည်းပါးပြီး ဝင်ငွေ အကျိုးအမြတ် တိုးတက် ရရှိစေမည့် ကျေးလက် စီးပွားရေး လုပ်ငန်းများ ဖော်ဆောင် ပေးနိုင်ရေး အစီအမံများ၊ နည်းလမ်းများ နှင့် ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များ ကို သက်ဆိုင်ရာ ဌာနများ အလိုက် လေ့လာ စမ်းစစ်ဖော်ထုတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် ပေး ကြရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အတွေ့ အကြုံများကို အခြေခံ၍ စိန်ခေါ်မှုများ ကျော်ဖြတ်နိုင်ရေး ၊ လုပ်ငန်းများ ပိုမို ထိရောက် အောင်မြင်ရေး အခွင့်အလမ်းများအဖြစ် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ဒီဇင်ဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု မြှင့်တင်ခြင်း စီမံကိန်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ဆွေးနွေး ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ သို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် စီမံကိန်းဒေသများ၌ အကောင်အထည်ဖော်ထားသည့် စနစ်ကျ လယ်ယာမြေ အားလုံး စိုက်ပျိုးရေ ဖူလုံစွာအသုံးပြုနိုင်ရေး၊ ရေမြောင်းများ ထိန်းသိမ်းရန်အတွက် ဌာနနှင့် ရေအသုံးချသူများအဖွဲ့ (WUG)တို့ ပူးပေါင်းဆောင်ရွက် ရေး၊ စီမံကိန်းတွင် ပါဝင်သည့် တောင်သူများအား ပုံစံ(၇) ပြန်လည်ပြင်ဆင် ထုတ်ပေးနိုင်ရေး ၊ ရေအသုံးချသူများအဖွဲ့ (WUG) သို့ တောင်သူတိုင်းဝင်ရောက်နိုင်ရေး နှင့် အကျိုးခံစားခွင့်ရှိသူ တောင်သူများအားလုံး၏ သဘောတူညီချက်ရရှိရန် သက်ဆိုင်ရာဌာနများ နှင့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းစုများ နှင့် တောင်သူများ အကျိုးတူလုပ်ငန်း ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ် ထွန်းမှုရှိစေရန် ပွင့်လင်း မြင်သာသည့် စည်းမျဉ်း စည်းကမ်းများချမှတ်၍ ချိတ်ဆက် ဆောင်ရွက် ပေးရန် ၊ အဖွဲ့အလိုက် ပူးပေါင်း ဆောင်ရွက်နိုင်သည့် အလေ့အထများ ဖြစ်ထွန်း လာစေရေး အတွက် စဉ်ဆက် မပြတ် ဆက်လက်ပံ့ပိုးသွားရန်လိုအပ်ချက်များ ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။