ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် ကဏ္ဍပေါင်းစုံ၌ ထိခိုက်မှုများ ကြုံတွေ့နေရချိန်တွင် လယ်ယာ သားငါး ကဏ္ဍ စိုက်ပျိုး ထုတ်လုပ်မှု နှင့် ကုန်သွယ်စီးဆင်းမှု ကိုလည်း သက်ရောက်လာလျက်ရှိရာ တောင်သူ လယ်သမားများ အပါအဝင် ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝများ ထိခိုက်ခံရမှု သက်သာစေရန်၊ စိုက်ပျိုးရေး ကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက် ပိုင်းက စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် COVID-19 တားဆီးကာကွယ်ရေး နည်းလမ်းများနှင့်အညီ လုပ်ငန်းခွင့်နှင့်လိုက်လျောညီထွေသည့် နေ့စဉ်လူနေမှုစနစ်ပုံးစံသစ်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်ရွက်ရန်ကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးအခြေခံသည့် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး အတွက်  ခေတ်စနစ်နှင့်အညီ လုပ်သာကိုင်သာရှိသည့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးခြင်း နှင့်အတူ လိုအပ်ချက်များ ဖြည့်ဆည်း ပံ့ပိုးကူညီပေးနိုင်ရေး အတွက် သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများ အလိုက် စီမံဆောင်ရွက်သွားရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက်မှုများကို ကုစားရာ၌ ကာလတိုအတွင်း ဖြည့်ဆည်းပေးနိုင်ရေး နှင့် လိုအပ်ပါက ကာလရှည် အမျိုးသားအဆင့် စီမံကိန်း နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။