သတင်းကဏ္ဍ ဦးစီးဌာနသတင်းများ

မဒေါ့ပင် တောင်သူပညာပေးစခန်း ၌ မျှစ်ထုတ်လုပ်နည်း အခြေခံသင်တန်းဖွင့်လှစ်

ခေတ်မီဆန်းသစ်၍ ရေရှည် တည်တံ့သော ထုတ်လုပ်မှုနည်းပညာများ ၊ ပြုပြင်ထုပ်ပိုး နည်းလမ်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းလမ်းများနှင့် ဈေးကွက်ဆိုင်ရာ နည်းပညာများကို ကျေးလက်နေ ပြည်သူများနှင့် လယ်ယာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ လက်တွေ့ အသုံးချနိုင်ကြသဖြင့် ဝင်ငွေနှင့်အကျိုးအမြတ် ပိုမို ခံစားနိုင်ကြစေရန် ၊ ကြီးထွားလာသော ပြည်တွင်း ပြည်ပ ဈေးကွက် ဝယ်လိုအားနှင့် အညီ ဘေးအန္တရာယ် ကင်းရှင်း၍ အာဟာရ ပြည့်ဝသည့် အမယ်စုံလင်သော စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ကြစေရန် လိုအပ်သော နည်းပညာပြန့်ပွားရေး အသိပညာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က ဆက်စပ်ဌာနများ၊ မိတ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ၌ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် “မျှစ်ထုတ်လုပ်နည်း အခြေခံ သင်တန်း” ကို ဒီဇင်ဘာလ(၁၀)ရက်နေ့က နေပြည်တော် လယ်ဝေးမြို့နယ် မဒေါ့ပင် တောင်သူပညာပေးစခန်း ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးသူ ဒုတိယအများဆုံးဖြစ်သည့် တောင်တန်းဒေသနေ ပြည်သူများ သည် သစ်တောများအပေါ် မှီခိုအားထားနေရခြင်းကြောင့် သစ်မဟုတ်သော သစ်တောထွက် ပစ္စည်းများ (Non-Timber Forest Products – NTFPs)အား တန်ဖိုးမြှင့် ထုတ်လုပ်ရေးကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား တိုးတက်ရေးအတွက် မျှစ်ထုတ်လုပ်ခြင်း အခြေခံ နည်းပညာများ ဖြန့်ဝေရန်၊ မျှစ်ကို မိရိုးဖလာနည်းဖြင့် ထုတ်လုပ်ခြင်း မှ  စီးပွားဖြစ် ထုတ်လုပ်ခြင်း သို့ တိုးမြှင့်ဆောင် ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် “မျှစ်စိုက်ပျိုး ထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုး တိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ ၏ လူမှုဘဝ ဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေး နိုင်ရေး ဆိုင်ရာ စီမံကိန်း” ကို ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၂) နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ အဆိုပါ စီမံကိန်း၏ လုပ်ငန်းစဉ် တွင် မျှစ်ထုတ်လုပ်နည်း အခြေခံ သင်တန်းများ ဖွင့်လှစ်ပို့ချပေးရေး သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

မျှစ်ထုတ်လုပ်နည်း အခြေခံသင်တန်း ကျင်းပခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် သစ်တောများ အပေါ် မှီခိုလျက်ရှိသည့် ကျေးလက်နေ အိမ်ထောင်စုများသည် စနစ်တကျ မျှစ်ထုတ်လုပ်ခြင်း နည်းစနစ်များကို  နားလည်သဘောပေါက်ပြီး မိရိုးဖလာမျှစ်ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်စနစ်တကျ မျှစ်ထုတ်လုပ်ခြင်းကို ဆောင်ရွက် နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့်  သစ်တောသယံဇာတများ ရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကျိုးပြုစေမည် ဖြစ်သည်။          အဆိုပါသင်တန်းတွင် မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအသင်း (Myanmar Bamboo Society) မှ ဝါးစိုက်ပျိုး ထုတ်လုပ်ရေး ပညာရှင် ဦးဝင်းကျော်ဦး က ပို့ချပေးခဲ့ပြီး သင်တန်းသူ သင်တန်းသားများ၏ သိရှိလိုသည်များကို ရင်းနှီးခင်မင်စွာ အပြန်အလှန် မေးမြန်း ဖြေကြား ပေးခဲ့ကြောင်း၊ သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေမှ ဝါးစိုက်ပျိုးခြင်း နှင့် မျှစ်ထုတ်လုပ် ခြင်း လုပ်ငန်း ဆောင်ရွက်နေသည့် ကျေးလက်နေများပြည်သူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် မျှစ်ထုတ်လုပ်ခြင်း လုပ်ငန်းအ‌ပေါ် စိတ်ဝင်စားသူ သင်တန်းသား ၅၀ ဦးခန့်  တက်ရောက်ခဲ့ကြ ကြောင်း၊ ယခုသင်တန်း တက်ရောက်ပြီးသူများထဲမှ နောင်အလားတူသင်တန်းများတွင် သင်တန်း ပို့ချနိုင်မည့်သူများအား ရွေးချယ်သတ်မှတ် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းတွင် ပါဝင်ဆောင်ရွက် လိုသည့် တောင်သူများအား ယခုစီမံကိန်း မှ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။