ပြည်ထောင်စုအဆင့်သတင်း သတင်းကဏ္ဍ

ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှု တိုးတက်ရေး ကြိုးပမ်း

ငါးသယံဇာတ ဖွံ့ဖြိုးလာပြီး ဒေသတွင်း ငါးထုတ်လုပ်မှု တိုးတက်လာစေရေး၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး နှင့် မိသားစုဝင်ငွေ တိုးတက်ရေး အတွက်  ဆည်၊ ကန်များ နှင့် သဘာဝရေ အရင်းအမြစ်အမျိုးမျိုးတွင် ငါးမျိုးများ နှစ်စဉ် စိုက်ထည့် ပေးလျက် ရှိသကဲ့သို့ အခြေအနေပေးသည့် ဒေသများတွင် ရေပေါ်လှောင်အိမ်စနစ် ငါးမွေးမြူရေး၊ အခြား တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး ၊ လွှတ်ကျောင်း စနစ်မှ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးသည့် စနစ် ထွန်းကားလာရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  က နည်းပညာပေးလုပ်ငန်းများ အပါအဝင် လိုအပ်ချက်များ ပံ့ပိုး ကူညီပေး လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ပေါင်းလောင်းမြို့၊ လိန်းလီကျေးရွာအနီး အထက်ပေါင်းလောင်းဆည်၌ ရေပေါ်လှောင် အိမ်ဖြင့် တီလားပီးယားငါး မွေးမြူထားရှိမှု ကို ကြည့်ရှုစစ်ဆေးပြီး ငါးမွေးမြူရေး တောင်သူများနှင့် တွေ့ဆုံ၍ ရေပေါ် လှောင်အိမ် စနစ်ဖြင့် ရေချိုငါး ပုဇွန် စီးပွားဖြစ်မွေးမြူနိုင်ရေး အတွက် တောင်သူ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

         ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် နေပြည်တော် ၊ တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန  ယာသီးနှံသုတေသနဌာနခွဲ သို့ ရောက်ရှိကြပြီး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဒေသ နှင့် ကိုက်ညီသော အထွက်နှုန်းကောင်း အရည်အသွေးကောင်း မျိုးကောင်းမျိုးသန့်များ တောင်သူ့ လက်ဝယ် အရောက် ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်နေမှုများ၊ အဆင့်မြင့် လယ်ယာ ဖော်ထုတ်ရေး၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အတွက် ရေပေးဝေရေး လုပ်ငန်းများကို  ဆွေးနွေးပြီး၊ ဒုတိယဝန်ကြီးက သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး တောင်သူ့အတွက် အကျိုး အမြတ် အများဆုံး ရရှိစေမည့် သီးနှံပုံစံများ ရွေးချယ် ဖြည့်ဆည်း ပေးရန် ၊ ဈေးကွက် သေချာစေရေး ထည့်သွင်းဆောင်ရွက်ရန် နှင့် တောင်သူများ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး စီမံဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။ ယင်းနောက် မြေပြန့် ဒေသနှင့်ကိုက်ညီသော အထွက်ကောင်း ပြောင်းဖူးမျိုး သုတေသနစိုက်ခင်းများ နှင့် နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ရွှေမြို့မွေးမြူရေးဇုန်(၂)သို့ရောက်ရှိပြီး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ နို့စားနွား၊ ဆိတ်၊ ဒေသနွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှပ်နှံမှု ဆိုင်ရာများ၊ ဒေသ၏ သားငါးရိက္ခာ ဖူလုံစေရေးအတွက် တိုးချဲ့ ဆောင်ရွက်ရန်  လိုအပ်ချက်များ ကို ဆွေးနွေး ခဲ့ကြသည်။

၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် ကျည်တောင်ရွာရှိ ပေါင်းလောင်း ရေလှောင်တမံ၏  တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ က နှစ်အလိုက် နွေစပါး၊ မိုးစပါး စိုက်ပျိုး ရေပေးဝေနိုင်မှု အခြေအနေများ ၊ တမံအား ပုံမှန် ထိန်းသိမ်း စစ်ဆေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များ အပေါ် ဒုတိယဝန်ကြီး က သဘာဝအရင်းအမြစ်များကို စနစ်တကျ ထိန်းသိမ်းပြီး ရေရှည် အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းဆိုင်ရာများ ကို ဆွေးနွေး မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။